ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁ သန်းကျော် စိုက်ပျိုးရန်လျာထား
12 Aug
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက လက်ရှိမိုးရာသီတွင် မိုးစပါးဧက ၁ သန်းကျော် စိုက်ပျိုးဖို့ လျာထားပြီး ဇူလိုင်လကုန်အထိ ဧက ၁၀ သိန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ မိုးစပါးကို ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး ၊မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်နဲ့အလုံ စတဲ့ ခရိုင်တွေမှာ စိုက်ပျိုးကြပြီး စိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ အထွက်နှုန်းကောင်းမျိုးတွေဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ၊ ရက် ၉၀၊ ရာကျော်၊ ရွှေဝါထွန်း၊ မှော်ဘီ-၃၊ အောင်နိုင်တိုး မျိုးစပါးအုပ်စုတွေနဲ့ ဒေသမျိုးရင်းတွေဖြစ်တဲ့ ငစိန်၊ မြီးတုံး၊ ကောက်ညှင်း စတဲ့ မျိုးစပါး အုပ်စုတွေကို စိုက်ပျိုးနေတာဖြစ်ပါတယ်။ မိုးစပါးကို ဇူလိုင်လဆန်းမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးလေ့ရှိပြီး သက်တမ်းတိုစပါးမျိုးကို အောက်တိုဘာလကုန်နှင့် သက်ကြီးစပါးများကို ဇန်နဝါရီလကုန်မှာ အပြီးသတ် ရိတ်သိမ်းလေ့ရှိပါတယ်။ ယခုနှစ်မိုးစပါးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာန(ရေဆင်း)မှ ထုတ်လုပ်တဲ့ အောင်နိုင်တိုးမျိုးစပါးအသစ်ကို ဧက ၅,၀၀၀ အထိစိုက်ပျိုးခဲ့ပြီး ၎င်းစပါးမျိုးဟာ တစ်ဧကကို ပျမ်းမျှတင်း ၈၀ ကျော် ထွက်ရှိတဲ့အတွက် တောင်သူ တွေ စိတ်ဝင်စားတဲ့ မျိုးစပါးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စပါးဖူလုံမှုအနေနဲ့ ၂၀၂၄ ခုနှစ်က ၁၀၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာလည်း ပန်းတိုင်ရည်မှန်းချက်ထက် ပိုမိုတိုးမြှင့်စိုက်ပျိုးနေတယ်လို့ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။(NVS 004)