ဂျော်ဒန်၊ ဆီးရီးယားနှင့် အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ သြဂုတ်လ ၁၂ ရက်တွင် ကျင်းပမည်
11 Aug
ဆီးရီးယားအရေးဆွေးနွေးရန် ဆီးရီးယား၊ အမေရိကန်တို့နှင့် သုံးနိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဂျော်ဒန်နိုင်ငံ က သြဂုတ်လ ၁၂ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အခြေခံအုတ်မြစ်များအား ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေး မြှင့်တင်နိုင်ရန်နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံခြားရေးအကြီးအကဲ အာဆတ် ဟက်ဆန် အယ်လ်-ရှီဘာနီ၊ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးသံတမန် သောမတ်စ် ဘာရက်ခ် နှင့် သုံးနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသည် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာ စေရန်နှင့် အကျပ်အတည်းဖြေရှင်းရေးအတွက် ဇူလိုင်လ ၁၉ ရက်က အမ်မန်မြို့မှာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီ က အယ်လ်-ရှီဘာနီ၊ ဘာရက်ခ် တို့နှင့် သီးခြားစီလည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။