ဂါဇာမြို့လက်လွှဲယူမည့် အစီအစဉ်ကို မြှင့်တင်လုပ်ဆောင်သွားမည်ဟု နေတန်ယာဟု ဆို

11 Aug

အစ္စရေးပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုနှင့် ရင်ဆိုင်နေရချိန်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု က ဩဂုတ်လ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ဂါဇာမြို့ လက်လွှဲ ယူမည့်အစီအစဉ်ကို မြှင့်တင်လုပ်ဆောင်သွားမည်ဟု ပြောကြားနေဆဲဖြစ်သည်။ လက်ရှိတွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၏ ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်ရှိသော ဒေသများကို ထိန်းချုပ်ပြီးဖြစ်ကြောင်း၊ ဂါဇာမြို့နှင့် Al Mawasi တစ်လျှောက်ရှိ အလယ်ပိုင်းဒုက္ခသည် စခန်းအတွင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အဓိကအခြေစိုက်စခန်းနှစ်ခုရှိကြောင်း၊ အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့က အဆိုပါကျန်ရှိသော ဟားမက်စ်အခြေစိုက်စခန်းနှစ်ခုကို အမြစ်ပြတ်ဖယ်ရှားရန် အစ္စရေးစစ်တပ်အား အမိန့်ပေးခဲ့ပြီးဖြစ်ကြောင်း နေတန်ယာဟု က ဂျေရုဆလမ်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းမှာ စစ်ပွဲကို လျင်မြန်စွာအဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။ နေတန်ယာဟု က စစ်ရေးလှုပ်ရှားမှု၏ တိကျသော အချိန်ဇယားမပေးခဲ့ဘဲ ပိုမိုတိုတောင်းတဲ့ အချိန်အတွင်း စစ်ပွဲကိုအဆုံးသတ်မည်ဟု ဆိုခဲ့သည်။ နိုင်ငံအများအပြားမှ မီဒီယာများ၏ ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရာတွင် အစ္စရေးစစ်တပ်သည် ဂါဇာတွင် ငတ်မွတ်ခေါင်းပါးရေးမူဝါဒကို အကောင်အထည်ဖော်မှုအပေါ် နေတန်ယာဟု က ငြင်းဆိုနေဆဲဖြစ်သည်။ အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က နေတန်ယာဟု ၏ ဟားမက်စ်အား အနိုင်တိုက်ရေးဆိုင်ရာ အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီး အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂါဇာမြို့ကို လက်လွှဲယူရန် အသင့်ပြင်နေကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဩဂုတ်လ ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအများအပြားနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဤဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်းဖော်ပြခဲ့ပြီး စစ်ပွဲအစီအစဉ်ကို ချက်ချင်း ရပ်တန့်ရန် အစ္စရေးဘက်အား တိုက်တွန်းခဲ့သည်။

11 Aug

ADVERTISE HERE .