ဂါဇာမြို့ကို အစ္စရေးလက်လွှဲယူရန် စီစဉ်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကျင်းပ
11 Aug
ဂါဇာမြို့ကို အစ္စရေးလက်လွှဲယူရန် စီစဉ်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ်လ ၁၀ ရက်တွင် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။ ယခုအကြိမ် အရေးပေါ်အစည်းအဝေးကို လုံခြုံရေးကောင်စီရှိ ဥရောပအမြဲတမ်းအဖွဲ့ဝင်နှင့် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိ၊ စလိုဗေးနီးယားနိုင်ငံများက ကျင်းပရန် အဆိုပြုခြင်းဖြစ်ရာ အမေရိကန်နိုင်ငံမှလွဲ၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ ထောက်ခံမှုကို ရရှိခဲ့သည်။ အဆိုပါ ဥရောပငါးနိုင်ငံက အစည်းအဝေးမတိုင်မီ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး အစ္စရေးအစိုးရ၏ ဂါဇာ၌ စစ်ရေးလှုပ်ရှားမှု ချဲ့ထွင်သည့်အစီအစဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းအစီအစဉ်ကို အစ္စရေးအစိုးရမှ အရေးပေါ်ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။ မည်သည့်ဝါးမြိုသိမ်းပိုက်မှု သို့မဟုတ် အခြေချနေထိုင်ရာနေရာကို ချဲ့ထွင်မှုဟူသော ကြံစည်ကြိုးပမ်းမှု မဆို နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှုချဲ့ထွင်ခြင်းသည် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို အန္တရာယ်သာဖြစ်စေပြီး ပိုမိုများပြားသော မလိုအပ်သည့် နာကျင်မှု များကို သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း၊ ဥရောပငါးနိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားသူနှစ်ဖက် ချက်ချင်း ထာဝရအပစ်ရပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကိုလွှတ်ပေးရန်၊ နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်းကို တက်ကြွစွာတွန်းအားပေးရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။ ကုလသမဂ္ဂ၏ ဥရောပ၊ ဗဟိုအာရှနှင့် အမေရိကရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Miroslav Jena က လုံခြုံရေးကောင်စီထံသို့ အစီရင်ခံအကြောင်းကြားခဲ့သည်။ ၎င်းက လက်ရှိဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးသည် မျှော်မှန်း၍မရသည့် ပမာဏဖြစ်နေပြီဖြစ်ကြောင်း၊ ဂါဇာ၌ အစ္စရေးက စစ်ရေးလှုပ်ရှားမှုများကို တိုးချဲ့ခြင်းသည် ကပ်ဘေးအသစ်ကို သယ်ဆောင်လာမည်ဖြစ်ပြီး ဒေသတစ်ခုလုံးကို ဒုက္ခရောက်စေမည်ဖြစ်သလို သတ်ဖြတ်မှု၊ ဖျက်ဆီးမှု ပို၍များပြား ခြင်းနှင့် အိုးမဲအိမ်မဲ့များ ပို၍များပြားလာမည်ဖြစ်ကြောင်း၊ ဂါဇာသည် ယခုအခါသာမက အနာဂတ်တွင်လည်း ပါလက်စတိုင်းနိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အစ္စရေး၏ အစီအစဉ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း သို့မဟုတ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က ဂါဇာအားသိမ်းပိုက်မည့် အစ္စရေး၏ ကြံစည်ကြိုးပမ်းမှုများကို အခိုင်အမာဆန့်ကျင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂါဇာကို ပါလက်စတိုင်းသားများက ပိုင်ဆိုင်ကြောင်း၊ ပါလက်စတိုင်းနယ်မြေပိုင်နက်၏ ခွဲခြား၍မရသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ ဂါဇာဒေသလူဦးရေနှင့် နယ်မြေပိုင်နက်ဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲသည့် မည်သည့် လုပ်ရပ်ကိုမဆို အခိုင်အမာဆန့်ကျင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အစ္စရေးအစိုးရအနေဖြင့် အခြေအနေတင်းမာမှု အရှိန်မြင့်တက်စေသည့် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်ရန်၊ ဂါဇာအပေါ် စစ်ရေးလှုပ်ရှားများကို ရပ်တန့်ရန်၊ အချင်းဖြစ်ပွားသူများအပေါ် အရေးကြီးဩဇာ သက်ရောက်မှုရှိသည့် နိုင်ငံများအနေဖြင့် တရားမျှတမှု၊ တာဝန်ယူမှုရှိသည့် သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေးတွန်းအားပေးမှုကို လက်တွေ့လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။