အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ ငြိမ်းချမ်းရေးရယူ

10 Aug

အမေရိကန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရယူခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန် နိုင်ငံနှင့် အာမေးနီးယား နိုင်ငံတို့က ဩဂုတ်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်ကို ဝါရှင်တန်မြို့ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံ ဆွေးနွေးပြီးနောက် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အယ်လ် လီယက်ဗ် နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၃၅ နှစ်ကြာ ပဋိပက္ခများဖြစ်ခဲ့ရသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့အနေဖြင့် ယခုအချိန်တွင် မိတ်ဆွေနိုင်ငံများ ဖြစ်လာပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ပဋိပက္ခများကိုရပ်ဆိုင်းရန်၊ သံတမန်ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်လှစ်ရန်နှင့် တစ်နိုင်ငံ အချုပ်အခြာပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို တစ်နိုင်ငံကလေးစားရန် အဇာဘိုင်ဂျန် နှင့် အာမေးနီးယားနိုင်ငံတို့က သဘောတူထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် အဇာဘိုင်ဂျန်နိုင်ငံအတွင်း တည်ရှိသော်လည်း အာမေးနီးယား လူမျိုးအများစု နေထိုင်သည့် နာဂေါ်နီ-ကာရာဘက်ခ်ဒေသနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ပဋိပက္ခများဖြစ်ခဲ့ ကြသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တို့သည် ဆိုဗီယက်ပြည်ထောင်စုဝင်များဖြစ်ခဲ့ဖူးပြီး အစဉ်အလာအားဖြင့် ရုရှားနိုင်ငံ၏ ဩဇာသက်ရောက်သော နိုင်ငံများဖြစ်ကြကြောင်း သိရသည်။

10 Aug

ADVERTISE HERE .