ဇူလိုင်လတစ်လတာ ကာလအတွင်း ဆန်နှင့်ဆန်ကွဲများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထား
09 Aug
ယခုဘဏ္ဍာနှစ် ဇူလိုင်လတစ်လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်း ကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ပြည်ပသို့ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃၀,၆၇၁ တန် တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၈၄,၇၄၃ တန်ကျော်နှင့် ဆန်ကွဲတန်ချိန် ၄၀,၇၂၆ တန်ဖြင့် အများဆုံး တင်ပို့ထားပါတယ်။ ဇူလိုင်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန် အစရှိတဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဆန်ကွဲကို တရုတ်၊ အင်ဒိုနီးရှား၊ ဆီနီဂေါ ဘယ်လ်ဂျီယံအပါအဝင် နိုင်ငံပေါင်းရှစ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ တင်ပို့ရာမှာလည်း ပင်လယ်ရေကြောင်းမှ အဓိကနေဖြင့် တင်ပို့နေခြင်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ လအလိုက်ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် အမေရိကန်ဒေါ်လာ ၉၀ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၅၉,၅၀၁ တန်နှင့် ဇွန်လက အမေရိကန်ဒေါ်လာ ၇၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၂,၄၁၆ တန်တင်ပို့ခဲ့ရာ သုံးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် စုစုပေါင်း ၆၁၄,၇ဝ၅ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၃ သန်းရရှိထားကြောင်း သိရပါတယ်။(NVS 004)