အစ္စရေးက ဂါဇာမြို့ကိုသိမ်းပိုက်ရန် အတည်ပြုလိုက်ပြီဟုဆို

09 Aug

အစ္စရေးအစိုးရ၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းက ဝန်ကြီးချုပ် နေတန်ယာဟု ၏ အစီအစဉ်ဖြစ်သော ဂါဇာမြို့ကို သိမ်းပိုက်မည့်အစီအစဉ်အား အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစိုးရအဖွဲ့က ဩဂုတ်လ ၈ ရက် တွင် လူမှုကွန်ရက်၌ထုတ်ပြန်ထားသည်။ ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဟားမက်အဖွဲ့က ဖမ်းဆီးထားသောဓားစာခံများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု သတိပေးမှုများရှိသော်လည်း ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ရေး အတွက် အစ္စရေးအစိုးရက ကြိုးပမ်းလာခြင်းဖြစ်သည်ဟု လေ့လာသူများကပြောသည်။ အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးများသည် ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အခြေအနေငါးခုကို အတည်ပြု ကြောင်း၊ ထိုအခြေအနေများမှာ ဟားမက်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး၊ ဓားစာခံများအားလုံးကို ပြန်လွှတ် ပေးရေး၊ ဂါဇာဒေသကို စစ်မဲ့ဇုန်ဖြစ်စေရေး၊ အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်ရေးနှင့် စစ်ပြီးကာလတွင် ဟားမက် နှင့် ပါလက်စတိုင်း တာဝန်ရှိသူများမပါသည့် အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရေးတို့ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးတပ်မတော်က မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများ မလုပ်ဆောင်မီ အောက်တိုဘာလ ၇ ရက် နောက်ဆုံးထား၍ ပါလက်စတိုင်းများအနေဖြင့် ဂါဇာမြို့နေပြည်သူများကို ဘေးကင်း ရာသို့ ရွှေ့ပြောင်းထားရန် သတိပေးချက်ထုတ်ပြန်ထားသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကမူ ဟားမက်တို့အနေဖြင့် အစ္စရေး၏ တောင်းဆိုချက်များကို လိုက်လျောပါက ယခုကဲ့သို့ ထိုးစစ်ဆင်မည့်အစီအစဉ်ကို ရပ်ဆိုင်းပေးမည်ဟုပြောထားသည်။

09 Aug

ADVERTISE HERE .