“ပေါင်းတည်မြို့နယ်တွင် (၁၂၈) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်”

08 Aug

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် (၁၂၈) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့မှ သိရပါတယ်။ ပေါင်းတည်မြို့နယ် သကျမုနိမိုဃ်းကောင်း ဘုရားကြီးတိုက် ဂန္ဓကုဋိရွှေတိုက်တော်အတွင်း ကိန်းဝပ်စံပယ် လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်ကို နှစ်စဉ်အပူဇော်ခံမြဲဖြစ်တဲ့ စက်တင်ဘာလ ၄ ရက်မှ ၆ ရက် (တော်သလင်းလဆန်း ၁၃ ရက်မှ တော်သလင်းလဆန်း ၁၅ ရက်) အထိ သုံးရက်တိုင်တိုင်အပူဇော်ခံသွားမှာဖြစ်ပါတယ်။ အပူဇော်ခံရာတွင် တော်သလင်းလဆန်း ၁၄ ရက်နဲ့ ၁၅ ရက်တွင် သကျမုနိမိုဃ်းကောင်း ဘုရားကြီးတိုက်အတွင်းရှိ မြတ်စွယ်တော်တိုက်အတွင်းမှာ ကိန်းဝပ်စံပယ်နေတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို ရတနာစိန်ကြုတ်တော်ဖွင့်လှစ်ပြီး မနက် ၈ နာရီမှ ညနေ ၄ နာရီထိ အပူဇော်ခံမှာဖြစ်ပါတယ်။ ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေဖို့ရည်ရွယ်ကာ မြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်မှာ လှည့်လည်အပူဇော်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ)ရှိ ဂေါတမဘုရားစွယ်တော် တစ်ဆူနှင့်အတူ ရင်ငွေ့လှုံကာ အပူဇော်ခံခဲ့သည့် စွယ်တော်ပွားဖြစ်ပြီး မြတ်စွယ်တော် အပူဇော်ခံပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းဖြစ်ပါတယ်။ (NVS-004)

08 Aug

ADVERTISE HERE .