“ကမ္ဘောဒီးယားနှင့်ထိုင်းတို့က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခချုပ်ငြိမ်း”

08 Aug

ကမ္ဘောဒီးယားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လိုက်ခြင်းအားဖြင့် နှစ်နိုင်ငံကြားဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခမှာချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနှင့်ထိုင်းတာဝန်ရှိသူများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဩဂုတ်လ ၇ ရက်တွင် အထွေထွေနယ်စပ်ရေးရာကော်မတီအစည်းအဝေးကို ကျင်းပပြီးနောက် နှစ်နိုင်ငံကြားအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။ အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် နှစ်နိုင်ငံစလုံးမှတပ်ဖွဲ့များကို လက်ရှိနေရာများတွင်ပင် ဆက်လက်ထားရှိရေးနှင့် အပြန်အလှန်ရန်ပြုသည့် ပစ်ခတ် မှုများ လုပ်ဆောင်ခြင်းမပြုရန်တို့ ပါဝင်သည်။ အလားတူ နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏အရပ်သားများနှင့် အရပ်သားများပိုင်ဆိုင်သော အဆောက်အအုံ များကို တစ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန်၊ ဖမ်းဆီးခံထားရသောစစ်သည်များကို ချက်ချင်းပြန် လွှတ်ပေး ရန်နှင့် ဖြန့်ကြက်ထားသည့် စစ်သည်အင်အားကိုလည်း ယခုထက်ပို၍ တိုးမြှင့်ခြင်းမပြုရန် သဘောတူညီချက် တွင် ဖော်ပြပါရှိသည်။ ယခုရရှိလိုက်သော အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်သည် နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်ဖြစ်စေရန် အခြေခံကျသောအရာတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဒုတိယ ဝန်ကြီးချုပ် က ပြောထားသည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Aug

ADVERTISE HERE .