“EPS-Topik စာမေးပွဲအောင်မြင်ထားသည့် လုပ်သားများ တန်းတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး ဆောင်ရွက်ပေးဖို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေး”

08 Aug

မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအကြိမ်များအလိုက် EPS-Topik စာမေးပွဲဖြေဆိုအောင်မြင်ထားတဲ့ လုပ်သား သစ်/ဟောင်းများကို ပိုမိုခေါ်ယူပေးနိုင်ရေးနှင့် တန်းတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဆောင်ရွက် ပေးစေလိုကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က EPS ညီလာခံ (2025 EPS Conference)တွင် ပြောကြားခဲ့ပါတယ်။ အဆိုပါ 2025 EPS Conference ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ The Shilla Hotel ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်လျက်ရှိသည့် EPS အဖွဲ့ဝင်နိုင်ငံ ၁၇ နိုင်ငံမှ သံအမတ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အလားတူ မြန်မာသံအမတ်ကြီးက မြန်မာလုပ်သားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းနှင့်ကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုဆောင်ရွက်စေလိုကြောင်းနှင့် အလုပ်လျှောက်လွှာ တင်သွင်း ပြီး တန်းစီဇယားမှာ ပါဝင်သူများကို တန်းစီဇယားသက်တမ်း ၂ နှစ်ကာလအတွင်း အလုပ်ရှင်နှင့် မိတ်ဆက်ပေးနိုင်ရန် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါညီလာခံမှာ ကိုရီးယားသမ္မတနိုင်ငံ၊ Human Resources Development of Korea ဥက္ကဋ္ဌ Mr. Lee Woo Young က အဖွင့်အမှာစကားပြောကြားခဲ့ရာမှာ ယခုကဲ့သို့ EPS စနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင် ခဲ့သည်မှာစေလွှတ်တဲ့နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း လုပ်သားစေလွှတ်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်း၍ ပိုမိုကောင်းမွန်သော ဆောင်ရွက်မှုများဖြင့် EPS စနစ်အား ဆက်လက် အကောင်အထည်ဖော်ဆောင်လိုပါကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် EPS စနစ်နှင့်စပ်လျဉ်း၍ စေလွှတ်နိုင်ငံများမှ ကိုယ်စားပြုသံရုံးများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်သားစေလွှတ်လျက်ရှိသည့် အေဂျင်စီများ ပိုမိုနားလည်အကျွမ်းဝင်မှုရှိစေရန် ရည်ရွှယ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Kim Young Hoon က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံခြားလုပ်သားများ၏ အခန်းကဏ္ဍက များစွာအရေးပါပါကြောင်း၊ နိုင်ငံခြားသားလုပ်သားများကို လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ အေးချမ်းစွာ လုပ်ကိုင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ အကျိုးခံစားခွင့်များရရှိနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)

08 Aug

ADVERTISE HERE .