“နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့်ဥပဒေပါအခွင့်အရေးများ ဖောက်ဖျက်ခြင်းခံရပါက လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားနိုင်”
08 Aug
နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့်ဥပဒေပါ အခွင့်အရေး များကို ဖောက်ဖျက်ခြင်းခံရပါကတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အသိပေး ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကလက်ခံထားတဲ့ လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃ဝ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍ သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇) ၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့ တို့သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော [email protected] တို့မှ တစ်ဆင့်ဖြစ်စေပေးပို့တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ တိုင်ကြားရာတွင်လည်း (က)တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ(ဆက်သွယ်ရန်ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)၊ (ခ)တိုင်ကြားသူသည် မည်ကဲ့သို့ လူ့အခွင့်အရေး ဖေ-ာက်ဖျ-က်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရန်၊ (ဂ) တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ်မနေ ပူးတွဲပေးပို့ရန်၊ (ဃ)တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ် ရေးထိုးပေးပို့ရန်လိုအပ်တယ်လို့ သိရပါတယ်။ ကော်မရှင်က တိုင်ကြားချက်များကို စိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)