“ရုပ်ရှင်ဇာတ်ကားများထုတ်လွှင့်ပြနေတဲ့ AWS + နှင့် CM app.tv တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် အမြဲတမ်းရုပ်သိမ်းထားကာ အရေးယူမည်”

08 Aug

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ဇာတ်ကားများထုတ်လွှင့်ပြသနေတဲ့ AWS + နှင့် CM app.tv တို့မှာ စည်းမျဉ်းစည်းကမ်းများမလိုက်နာမှုကြောင့် ၎င်းတို့ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အား အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ AWS + နှင့် CM app.tv တို့မှာဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားပေမယ့် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိ‌တဲ့ ရုပ်ရှင် ဇာတ်ကားများကို ၎င်းတို့ရဲ့ အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းထားတဲ့ အမိန့်အရဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အမှတ်(၃၂/၂၀၂၄)ကို ၂၀၂၄ ခုနှစ်မတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့ပြီး ဆက်သွယ် ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ထိုလုပ်ငန်းမှတ်ပုံတင် လက်မှတ်ရယူထားသူသည်လည်း အမိန့်အမှတ်(၃၂/၂၀၂၄)အရမိမိတို့ လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားပြီးသူများအနေနဲ့ မိမိတို့ လွှင့်တင်မယ့် Content များကိုစိစစ်ရေးအဖွဲ့ထံတင်ပြကြဖို့နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသူများလည်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။ (NVS 004)

08 Aug

ADVERTISE HERE .