တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့် ပြော
07 Aug
အမေရိကန်အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သော်လည်း အသေးစိတ်ဖော်ဆောင်မည့် အစီအစဉ်ကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။ ထရမ့် က ထိုနေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား တွေ့ဆုံရာတွင် အဆိုပါ စည်းကြပ်ခွန် နှုန်းထားသည် အမေရိကန်ကို ဝင်ရောက်လာတဲ့ ချိ(ပ်)ပြားနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတွင် အသုံးပြုရန် သင့်လျော်သော်လည်း အမေရိကန်၌ သက်ဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်ရန် ကတိပြုပြီးသား သို့မဟုတ် လုပ်ငန်းအစီအစဉ် စတင်နေပြီဖြစ်သော ကုမ္ပဏီများအတွက် အသုံးပြုရန် မသင့်လျော်ဟု ပြောကြားခဲ့သည်။ Apple ကုမ္ပဏီအနေဖြင့် အမေရိကန်၌ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်တိုး ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားသည်ဟုလည်း ထရမ့် နှင့် Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် တို့က ထိုနေ့တွင် အိမ်ဖြူတော်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် Apple ကုမ္ပဏီက စည်းကြပ်ခွန်ရှောင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက် တချို့တစ်ဝက်ကို အမေရိကန်သို့ ပြန်လည်ပြောင်းရွှေ့ရန် မဖြစ်မနေကတိပြုခဲ့သည့် နောက်ဆုံးလှုပ်ရှားမှုဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက လေ့လာသုံးသပ် ယူဆကြသည်။