အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိဟု ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော
07 Aug
အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ် အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ဩဂုတ်လ ၅ ရက်၌ ပြောကြားခဲ့သည်။ “အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ သူတို့ရဲ့ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် တွေကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို သူတို့ရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံတွေ ကိုလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ ပက်စ်ကော့ဗ် က မှတ်ချက်ပြုခဲ့သည်။ ရုရှားနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုများမှာ တရားဝင်မှု မရှိဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရုရှားထံမှ ရေနံများဝယ်ယူတင်သွင်းကာ ထပ်ဆင့်ရောင်းချမှုနှင့်ပတ်သက်၍ အိန္ဒိယအား စည်းကြပ်ခွန် နှုန်းထား သိသိသာသာ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၄ ရက်၌ ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth Social ၌ ရေးသားခဲ့သည်။ ဩဂုတ် ၅ ရက်က CNBC ရုပ်သံနှင့် အင်တာဗျူးတစ်ခု၌လည်း ထရမ့် က အိန္ဒိယအား စည်းကြပ်ခွန် တိုးမြှင့်မည်ဟူသော ခြိမ်းခြောက်မှုကို ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းနဲ့ သဘောတူ ထားပြီးပါပြီ။ ဒါပေမဲ့ သူတို့က ရုရှားဆီကနေ ရေနံဝယ်ယူနေတဲ့အတွက် လာမယ့် ၂၄ နာရီအတွင်း အဲဒီနှုန်းထားကို အများအပြား တိုးမြှင့်ရမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဆက်လက်၍ အိန္ဒိယမှာ ကောင်းမွန် သော ကုန်သွယ်ဖက်မဟုတ်ကြောင်းလည်း ထရမ့် က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရုရှားထံမှ ရေနံတင်သွင်းမှုများအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့၏ ဝေဖန်မှုများမှာ လျော်ကန်မှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိဟုဆိုကာ ပယ်ချခဲ့သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။