အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား

07 Aug

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အခြေအနေ တစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ၎င်းတိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗား က သြဂုတ်လ ၅ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ မြို့တော်ဘရာဇီးလီယာတွင် ကျင်းပသည့် စဉ်ဆက်မပြတ်စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေးတွင် သမ္မတလူလာ က အမေရိကန်၏ အဆိုပါကုန်သွယ်ရေးလှုပ်ရှားမှုကို ‘မတရားမှု’ အဖြစ် သရုပ်ဖော်ကာ နိုင်ငံတကာစင်မြင့်ထက်တွင် ဘရာဇီးနိုင်ငံ၏ တိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။ “အစိုးရက ဘရာဇီးပြည်သူတွေကို ကတိပေးပါတယ်။ ဒီမတရားတဲ့တိုက်ခိုက်မှု လျော့ပါးစေဖို့နဲ့ ဒီတိုက်ခိုက်မှုကြောင့် စီးပွားရေးနဲ့ လူမှုရေးထိခိုက်မှုတွေ သက်သာစေဖို့ အရေးပေါ်အစီအစဉ်တစ်ရပ်ကို အကောင် အထည်ဖော်သွားမှာပါ” ဟု သမ္မတ လူလာ က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့က ဒီအစီအမံတွေကြောင့် ထိခိုက်ခံစားရတဲ့ ဘရာဇီးအလုပ်သမားတွေနဲ့ ကုမ္ပဏီတွေကို ကာကွယ်မှာဖြစ်သလို ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အပါအဝင် ရရှိနိုင်တဲ့ ယန္တရားအားလုံးကနေတစ်ဆင့် ဆောင်ရွက်သွားမှာပါ” ဟု သမ္မတ လူလာ က စီးပွားရေးခေါင်းဆောင် များ၊ သမဂ္ဂခေါင်းဆောင်များ၊ စိုက်ပျိုးရေးကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။ ဘရာဇီးသည် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများကို မတ်လမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သမ္မတ လူလာ က ပြောကြားခဲ့သည်။ အမေရိကန်က ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို စိန်ခေါ်ရန်အတွက် ဘရာဇီးနိုင်ငံခြားရေး ဝန်ကြီးဌာနက WTO ထံ မေတ္တာရပ်ခံချက်အား သြဂုတ်လ ၁၈ ရက်တွင် တင်သွင်းမည်ဖြစ်သည်။ ထိုအချိန်၌ ဘရာဇီးက အမေရိကန်၏ အဆိုပါစီမံချက်အပေါ် ၎င်း၏တုံ့ပြန်မှုကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

07 Aug

ADVERTISE HERE .