ကယ်လီဖိုးနီးယားအလယ်ပိုင်း အဆောက်အအုံရာနှင့်ချီ တောမီးအန္တရာယ်ရှိနေ
07 Aug
လျင်မြန်စွာရွေ့လျား ပျံ့နှံ့လျက်ရှိသည့် တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းတွင် ၅ ရက်မပြည့်မီအတောအတွင်း မြေဧကပေါင်း ၈၂,၀၀၀ ကျော် (၃၃၂ စတုရန်းကီလိုမီတာခန့်) မီးသင့်ခဲ့ပြီး ရာနှင့်ချီသော အဆောက်အအုံများ တောမီးအန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သစ်တောဌာနနှင့် ကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနတို့ အဆိုအရ Gifford Fire ဟုအမည်ပေးထားသည့် အဆိုပါတောမီးသည် သြဂုတ်လ ၁ ရက် နေ့လယ်အချိန်တွင် ကယ်လီ ဖိုးနီးယား အဝေးပြေးလမ်းမကြီးတစ်လျှောက် မတူညီသည့်နေရာလေးခုတွင် တောက်လောင်မှုဖြစ်ပွားခဲ့ကာ တောမီးတစ်ခုအဖြစ်ရောက်ရှိပြီး လက်ရှိအချိန်တွင် San Luis Obispo နှင့် Santa Barbara ခရိုင်နှစ်ခုစလုံး၏ Santa Lucia လမ်းမကြီးတွင် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ မီးတောက်များက အဆောက်အအုံ ၈၇၀ လုံးကျော်ကို ခြိမ်းခြောက်လျက်ရှိနေပြီး သြဂုတ်လ ၅ ရက် နံနက်ပိုင်းအထိ တောမီး၏ ခုနစ်ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးသတ်ဦးစီးဌာနက Santa Barbara နှင့် San Luis Obispo ခရိုင်များတွင် နေထိုင်သူများကို ဘေးကင်းရာသို့ ချက်ချင်းပြောင်းရွေ့ရန် အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။ စိတ်မချရသော မီးလောင်မှုသဘောသဘာဝကြောင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသအတွင်း ပြောင်းလဲ နေသည့် အခြေအနေများကို စောင့်ကြည့်သင့်ကြောင်း အမေရိကန်သစ်တောဌာန တာဝန်ရှိသူများက သတိပေး ပြောကြားခဲ့သည်။ အဆိုပါဒေသသည် ပူပြင်းခြောက်သွေ့သောကြောင့် လာမည့် သီတင်းပတ်ကုန်ရက်များအထိ တောမီး ဆက်လက်လောင်ကျွမ်းဦးမည်ဟု မျှော်လင့်ရကြောင်းနှင့် မီးသတ်သမားများအနေဖြင့် မြောက်ဘက်နှင့် တောင်ဘက် တစ်ဖက်တစ်ချက်စီတို့တွင် အရေးပေါ်စည်းများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း တာဝန် ရှိသူများက ထပ်မံပြောကြားခဲ့သည်။ တောမီးလောင်ကျွမ်းမှုအတွက် အမှုထမ်း ၁,၉၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့ပေါင်း ၄၀ ကျော်နှင့် မီးသတ်ကား ၁၁၅ စီး၊ ဘူဒိုဇာ ၂၃ စီး၊ ရေသယ်ယာဥ် အစီး ၃၀ ၊ မီးသတ်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထောက်ပံ့ထားကြောင်း အမေရိကန်နိုင်ငံ အဖွဲ့အစည်းမျိုးစုံပါဝင်သော အန္တရာယ်ရှိဖြစ်ရပ်မျိုးစုံ စီမံခန့်ခွဲရေးစနစ်တစ်ခုဖြစ်သည့် InciWeb အဆိုအရ သိရသည်။