အမေရိကန်-အစ္စရေးက ကိုယ်ကျိုးစီးပွားအတွက် အရှေ့အလယ်ပိုင်းဒေသကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်း နေသည်ဟု အီဂျစ်ပညာရှင် ဆို

07 Aug

အီဂျစ်ပင်မမီဒီယာ Al-Ahram အွန်လိုင်းဗာရှင်းက အီဂျစ်နိုင်ငံ မဟာဗျူဟာလေ့လာရေးစင်တာ ဒုတိယ ညွှန်ကြားရေးမှူး Mohamed Ibrahim Eldawiry ၏ ဒေသတွင်းအစီအစဉ်များနှင့် အစ္စရေး-အမေရိကန် စီမံကိန်း ဆောင်းပါးကို မကြာသေးမီရက်ပိုင်းက ထုတ်ဝေခဲ့သည်။ အစ္စရေး၏ အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ဆောင် ခဲ့သော လှုပ်ရှားမှုများကို အမေရိကန်ကထောက်ခံခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ အစ္စရေးအား ဒေသတွင်း လွှမ်းမိုးသူ အဖြစ် ရပ်တည်စေပြီး ထိုမှ အမေရိကန်-အစ္စရေး အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးရန်၊ အမေရိကန်၏ ဗိုလ်ကျ ကြီးစိုးမှုကို ထိန်းသိမ်းရန်ဖြစ်ရာ ယင်းမှာ ဒေသအတွင်း အခြားနိုင်ငံများ၏ လုံခြုံရေးကို အန္တရာယ်ပြုလိမ့်မည်ဟု အဆိုပါဆောင်းပါးတွင် ထောက်ပြခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ မကြာသေးမီလများတွင် အမေရိကန်နှင့် အစ္စရေးတို့သည် အရှေ့အလယ်ပိုင်းအပေါ် ဒေသတွင်းအစီအစဉ် များကို ကြိမ်ဖန်များစွာ ထည့်သွင်းပြောဆိုခဲ့သည်။ ဤအစီအစဉ်များဟူသည် ဥပဒေ၊ လူသားချင်းစာနာမှု သို့မဟုတ် နိုင်ငံတကာစံနှုန်းစံညွှန်းများတွင် တိကျသောအထောက်အထားများမရှိဘဲ အမေရိကန်နှင့် အစ္စရေး တို့၏ မဟာဗျူဟာရည်မှန်းချက်များနှင့်သာ အထူးလိုက်ဖက်ညီပြီး အမေရိကန်-အစ္စရေး၏ အရှေ့အလယ်ပိုင်း ဒေသအား ပြန်လည်ပုံဖော်ခြင်းအပေါ် အတူတကွကြံစည်မှုနှင့် အကျိုးစီးပွားများကို ထင်ဟပ်စေသည်။ အမေရိ ကန်နှင့် အစ္စရေးတို့သည် ဤအစီအစဉ်များကို အရှေ့အလယ်ပိုင်းဒေသတွင် အတင်းအကျပ်ချမှတ်ရန် ကြိုးပမ်း နေပြီး ယင်းကြောင့် ဖြစ်ပေါ်လာမည့် ကမောက်ကမ အကျိုးဆက်များကိုမူ ဂရုမစိုက်ပေ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားခဲ့ရာ အစ္စရေးက ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အကြီးစားစစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်-အစ္စရေးသည် ဒေသတွင်းအစီအစဉ်များဟူ၍ ကြိမ်ဖန်များစွာ စတင်ပြောဆိုလာသည်။ ဂါဇာဒေသရှိ စစ်ရေး လှုပ်ရှားမှုများအပြင် အစ္စရေးသည် ဂျော်ဒန်အနောက်ဘက်ကမ်းတွင်လည်း သမိုင်းတွင်မရှိခဲ့ဖူးသည့် ဖိနှိပ်မှုများ ဖော်ဆောင်ခဲ့သလို လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ရေးအင်အားကို အားနည်းစေကာ ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့များကို ဆိုးရွားစွာအထိနာစေပြီး အီရန်နှင့်တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ဤလှုပ်ရှားမှုများသည် အမေရိကန်-အစ္စရေး၏ ပိုမိုကြီးမားသော ဒေသတွင်းအစီအစဉ် ကနဦးပုံပေါ် လာခြင်း အမှတ်သင်္ကေတဖြစ်ပြီး ယင်းအဓိကရည်မှန်းချက်များတွင် အမေရိကန်၏ အပြည့်အဝထောက်ပံ့မှု အောက်တွင် ပါလက်စတိုင်းအရေး မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို အစ္စရေးမှ ဆုံးဖြတ်စေခြင်း၊ ဂါဇာလူဦးရေအား အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းစေခြင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကို အမြစ်ပြတ်ဖြိုခွဲကာ စစ်ပွဲအပြီးတွင် ဂါဇာဒေသစီမံခန့်ခွဲမှုတွင် ၎င်းအားပါဝင်ခွင့်မပြုဘဲ တစ်ချိန်တည်းတွင် ပါလက်စတိုင်းအမျိုးသားအာဏာပိုင် အဖွဲ့အစည်းများကို သီးခြားခွဲထားခြင်း၊ အစ္စရေးက အနောက်ဘက်ကမ်းရှိ နယ်မြေအများအပြားကို သိမ်းပိုက်ခြင်း၊ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ကိုင်မှုကို လုံးလုံးလျားလျား ဖျက်သိမ်းခြင်း၊ အစ္စရေး၏ ဆီးရီးယားအပေါ် စောင့်ကြပ်မှုနှင့်ထိန်းချုပ်မှုကို အားကောင်းစေခြင်း၊ အမေရိကန်နှင့် အစ္စရေးတို့က စစ်ရေးတိုက်ခိုက်မှုစသည့် နည်းလမ်းများဖြင့် အီရန် နျူကလီးယားလက်နက် ရရှိခြင်းကို တားဆီး ခြင်းတို့ ပါဝင်သည်။ ဤလှုပ်ရှားမှုများ၏ နောက်ဆုံးဦးတည်ချက်မှာ အစ္စရေးအား ဒေသတွင်းလွှမ်းမိုးသူဖြစ်စေပြီး ထိုမှ အမေရိကန်-အစ္စရေးတို့ ဘုံအကျိုးစီးပွားနှင့်အညီ ဒေသတွင်းလာရားကို ကြိုးကိုင်ကာ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုကို ထိန်းသိမ်းရန် ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများအနေဖြင့် အမေရိကန်-အစ္စရေး အကြံအစည်များ၏ အပျက်သဘောဆောင် သက်ရောက်မှုများကို ခုခံရန်၊ အာရပ်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်မှုနှင့် ရေရှည်အကျိုးစီးပွားများ စတေးခံပစ္စည်း မဖြစ်စေရေးအား သေချာစေရန် အရေးပေါ်လှုပ်ရှားမှုဆောင်ရွက်ကာ ညှိနှိုင်းဆောင်ရွက်မှု တစ်သားတည်းရှိသော ကိုင်တွယ်ဖြေရှင်းမှုဗျူဟာများကို မဖြစ်မနေ ရေးဆွဲရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

07 Aug

ADVERTISE HERE .