ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် Klyuchevskoy မီးတောင် အနီးတစ်ဝိုက်ရှိ ဆည်တစ်ခုပျက်စီး

07 Aug

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် Klyuchevskoy မီးတောင်ပေါက်ကွဲမှုကြောင့် အဆိုပါမီးတောင် အနီးတစ်ဝိုက် Studenaya မြစ်ပေါ်ရှိ ဆည်တစ်ခု ပျက်စီးခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ မီးတောင်ဗေဒနှင့် ငလျင်ဗေဒသုတေသနဌာနက ဩဂုတ်လ ၆ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် ဇူလိုင်လ ၃၀ ရက်က ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် Klyuchevskoy မီးတောင်လှုပ်ရှားမှုများ ပြင်းထန်ခဲ့ကြောင်း၊ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၂ ရက်အတွင်း သုတေသနဝန်ထမ်းများက အနီးတစ်ဝိုက်ဒေသ၌ လက်တွေ့ကွင်းဆင်း လေ့လာ ချိန်တွင် Studenaya မြစ်အား ရေစီးကြောင်းခွဲရန် အသုံးပြုသည့် ဆည်တစ်ခုသည် Klyuchevskoy မီးတောင် ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဆည်ကို ၂၀၂၃ ခုနှစ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး အနီးတစ်ဝိုက်တွင် အကြီးစားလူနေထိုင်မှု မရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ Klyuchevskoy မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ချော်ရည်များသည် Bogdanovich ရေခဲမြစ်အတွင်း စီးဝင်သွားကြောင်း၊ အရည်ပျော်လာသည့် ရေခဲမြစ်အစိတ်အပိုင်းသည် တောင်ကုန်းတစ်လျှောက် စီးဆင်းသည့်ဖြစ်စဉ်အတွင်း ကြီးမားသောရွှံ့နွံစီးကြောင်း ဖြစ်လာနိုင်ကာ ဒေသတွင်းပြည်သူနှင့် ခရီးသွား ဧည့်သည်များ ဘေးကင်းလုံခြုံမှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်းလည်း သတင်း၌ဖော်ပြထားသည်။

07 Aug

ADVERTISE HERE .