စက်တင်ဘာလကုန်မှစ၍ တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံး မည်ဟု တောင်ကိုရီးယား ထုတ်ပြန်ကြေညာ

07 Aug

တောင်ကိုရီးယားအစိုးရသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ပြည်ဝင်မှု ဗီဇာကင်းလွတ်ခွင့်ပေးသည့် ယာယီမူဝါဒ ကျင့်သုံး သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဝန်ကြီးချုပ် ကင်မင်-ဆော့ခ် က ဩဂုတ်လ ၆ ရက်တွင် ပြောကြား ခဲ့သည်။ ကင်မင်-ဆော့ခ် က ထိုနေ့တွင် ခရီးသွားလုပ်ငန်း နှိုးဆွပေးရေးဆိုင်ရာ မူဝါဒအစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အား ကြေညာခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံအစိုးရမှ ထုတ်ပြန်သော သတင်းအရသိရသည်။ ယခုအကြိမ် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကျင့်သုံးပြီးနောက် ခရီးသွားဧည့်သည်များ တောင်ကိုရီးယားသို့ လာရောက်ရန်လိုအပ်ချက်ကို တစ်ဆင့်တိုးနှိုးဆွပေးကာ ထိုမှတစ်ဆင့် ဒေသတွင်းစီးပွားရေး တိုးတက်လာစေပြီး ပြည်တွင်းဝယ်လိုအားကို လက်တွေ့ကျကျ လှုံ့ဆော်ပေးသွားမည်ဟု တောင်ကိုရီးယား အစိုးရက ဆိုသည်။ တောင်ကိုရီးယားက စက်တင်ဘာလကုန်မှစ၍ တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ဗီဇာ ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းသည် တောင်ကိုရီးယားသို့ လာရောက်မည့် တရုတ်ခရီးသွား ဧည့်သည်များအတွက် သတင်းကောင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သိုက်ပင်း ကလည်း ထိုနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယမန်နှစ် နိုဝင်ဘာလမှစ၍ တောင်ကိုရီးယားနိုင်ငံအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးမှုအား တစ်ဖက်သတ်ကျင့်သုံးခဲ့ရာမှစ၍ တရုတ်-တောင်ကိုရီးယား လူပုဂ္ဂိုလ်များ ခရီးသွားလာမှုသည် လျင်မြန်စွာ တိုးတက်လာသည်ဟု အချက်အလက်များက ဖော်ပြနေကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားသည် အိမ်နီးချင်း များဖြစ်သည့်အလျောက် နှစ်နိုင်ငံပြည်သူများ မကြာခဏသွားလာဆက်ဆံမှုသည် အပြန်အလှန်နားလည်မှု မြှင့်တင်ရန်၊ ချစ်ကြည်ရေး နက်ရှိုင်းစေရန် အထောက်အကူပြုကြောင်း ၎င်းက ဆိုသည်။

07 Aug

ADVERTISE HERE .