“အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ”
07 Aug
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာဝါသနာရှင်များ၏ လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရ သိရသည်။ ယခုလအစောပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုက KHAN ဒုံးကျည်ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာဘလော့များတွင်လည်း အကျယ်တဝင့် ဖော်ပြလာသည့် အပြင် ပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်းဖြစ်သည်။ တူကီယဲနိုင်ငံရှိ Roketsan ကုမ္ပဏီက ထုတ်လုပ်ထားသော အဆိုပါတာတိုပစ် အမြင့်ပျံဒုံးကျည်ကို အရှေ့ ကာလီမန်တန်ပြည်နယ်ရှိ စစ်စခန်းတစ်ခု၌ ထားရှိခြင်းကို ဓာတ်ပုံများတွင်တွေ့ရသည်။ ယင်းဒုံးကျည် သည် အလေးချိန်ကီလိုဂရမ် ၂,၅၀၀ ရှိပြီး ကီလိုဂရမ် ၄၇၀ ရှိထိပ်ဖူးကို တင်ဆောင်ကာ ကီလိုမီတာ ၂၈၀ ရှိပစ်မှတ် ကိုပစ်ခတ်နိုင်ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။