“ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူ ၁၅ ဦးရှိလာ”
07 Aug
ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း တာကီအိုပြည်နယ်ရှိ အသက်ခြောက်နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး၌ H5N1 ကြက်ငှက်တုပ်ကွေး ကူးစက် ခံထားရကြောင်း၊ ၎င်းသည် ယခုနှစ်အတွင်းကူးစက်ခံရသည့် ၁၅ ဦးမြောက် လူနာဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ အမျိုးသား ကျန်းမာရေးဌာန၏ ဩဂုတ်လ ၅ ရက် ဓာတ်ခွဲခန်းရလဒ်အရ အဆိုပါမိန်းကလေးငယ်တွင် H5N1 ဗိုင်းရပ်စ် ကူးစက် ခံထားရသည်ဟု သိရသည်။ လူနာမှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့်အသက်ရှူရ ခက်ခဲ ခြင်း စသည့် လက္ခဏာများခံစားရပြီး ၎င်းကို ဆေးအဖွဲ့တစ်ဖွဲ့ဖြင့် ကုသမှုပေးထားကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ လွန်ခဲ့သည့် ရက် ၂၀ အတွင်း အဆိုပါ မိန်းကလေးနေအိမ်ရှိ ကြက်အကောင်ရေ ၃၀ ခန့်မှာ ကြက်နာကျကာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏မိခင်က အဆိုပါကြက်များကို ဟင်းလျာအဖြစ် ချက်ကျွေး ခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ ကျန်းမာရေးအာဏာပိုင်များက ရောဂါကူးစက်မှု၏အရင်းအမြစ်ကို ရှာဖွေနေပြီး ရပ်ရွာအတွင်း ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန် ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသူများကို စစ်ဆေး လျက်ရှိသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။