“ကိုဗစ်-၁၉ရောဂါကုသတဲ့ ဆေးနံ့သာတုပ်ကွေးအဖျားပျောက်ဆေးကို စနစ်တကျသုတေသနပြုခဲ့”
07 Aug
တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ရောဂါကုသသည့် ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးကို စနစ်တကျသုတေသနပြုဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ပြောကြားခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနတာဝန်ရှိသူများ၊ တိုင်းရင်း ဆေးတက္ကသိုလ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးရုံ အုပ်ကြီးများ၊ စက်ရုံမှူး၊ တာဝန်ခံများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာမှာ ယခုလိုပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ တိုင်းရင်းဆေးကို ပြည်သူများ အားကိုးယုံကြည်မှုရရှိရန် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သလို မြန်မာ့တိုင်းရင်းဆေးကို ကမ္ဘာကအသိအမှတ် ပြုစေရန် မူပိုင်ခွင့် ရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အလားတူ တိုင်းရင်းဆေးတက္ကသိုလ်က ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်နိုင်ခြင်းမှာ အောင်မြင်မှုတစ်ခုဖြစ်သလို တိုင်းရင်းဆေးပညာရပ်အမွေကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် တိုင်းရင်းဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့်တိုင်းရင်းဆေးဝါးများကို ပို၍အဆင့်မီအောင် ဆောင်ရွက်သွားရန် နိုင်ငံတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ပံ့ပိုးမှုနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ သိပ္ပံနည်းကျသုတေသနလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရရှိပြီးသောလုပ်ငန်း အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း သွားရန်နှင့် အားနည်းချက်များကို ပြန်လည်ဆန်းစစ်ကာ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပိုမို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လည်း လမ်းညွှန်မှာကြားခဲ့ပါတယ်။(NVS 004)