“ငလျင်ဒဏ်သင့်ဟိုတယ်များ ခရီးသွားရာသီမတိုင်မီ အဆင်သင့်ဖြစ်စေရန်တိုက်တွန်း”
07 Aug
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် သြဂုတ်လ ၆ ရက်၊ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများကို ပြုပြင် မွမ်းမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ဟိုတယ်အဆောက်အအုံများကို ပြုပြင်မွမ်းမံရာတွင် သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ရေး၊ ပြင်ဆင်ဆဲ အဆောက်အအုံများ၊ အခန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ပြီး ခရီးသွားရာသီမတိုင်မီ အဆင်သင့်ဖြစ်စေရေး တိုက်တွန်းမှာကြားခဲ့ပါတယ်။ ဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ရန် ဆွဲဆောင်မှုရှိသော အပြင်အဆင်များ ဆောင်ရွက်ရေး၊ ဝန်ဆောင်မှုကောင်းများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်များဖြစ်စေရန် ကြိုးပမ်းကြရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်နှင့် အရေးပေါ်ထွက်ပေါက်နေရာပြ ဆိုင်းဘုတ်များ စီစဉ်ထား ရှိရေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးစားကြရန် မှာကြားခဲ့ပါတယ်။ (NVS 004)