“ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၃ ထောင်ကျော်ပျက်စီး”
07 Aug
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ၃,၄၄၉ ဧက ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး ၁၉၁,၅၃၁ ဧကအနက် ၂၉,၃၄၉ ဧကမှာ ရေကြီးရေလျှံမှု ဖြစ်ပွားစဥ် ရေဖုံးလွှမ်းခဲ့ရာမှ ဩဂုတ်လ ၄ ရက်အထိ ၁၁,၄၃၆ ဧကရေပြန်ပေါ်ခဲ့ပြီး ၃,၄၄၉ ဧကမှာပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့မှာ ရေကြီးနစ်မြုပ် မိုးစပါးစိုက်ဧက များအနက် ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင် ဖာလင်ထုံးအိုင်လမ်း ဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ ရေကြီးရေလျှံမှုကြောင့် ယင်းလမ်းပိုင်းလမ်းပခုံးနှင့် လမ်းသားထိခိုက်မှုများ၊ ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်းဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် ယင်းလမ်းပိုင်း ထိခိုက်မှု၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကောထမလိန်းလမ်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)