စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ် ‘မျှတမှုမရှိ’ ဟု အိန္ဒိယဝေဖန်

06 Aug

အိန္ဒိယအပေါ် အမေရိကန်၏လုပ်ရပ်မှာ တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကိုကာကွယ်ရန် လိုအပ်သည့်အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ အိန္ဒိယက ရုရှားရေနံအများအပြား ဝယ်ယူခြင်းနှင့် ထိုမှတစ်ဆင့်အမြတ်ရရှိခြင်းကြောင့် အမေရိကန်အနေဖြင့် အိန္ဒိယထုတ် ကုန်ပစ္စည်းများအပေါ် သွင်းကုန်စည်းကြပ်ခွန်များစွာ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပေါ် Randhir Kumar Jaiswal က ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် ရုရှားနှင့် ကုန်သွယ်ရေးများလုပ်ဆောင်သွားရန် အိန္ဒိယကို အမေရိကန်က တက်ကြွစွာအားပေးခဲ့ကြောင်း ယင်းနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့ သည်။ အိန္ဒိယကိုပစ်မှတ်ထားသည့် အမေရိကန်၏လှုပ်ရှားမှုများက တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယ၏သွင်းကုန်သည် စားသုံးသူများ အကုန်အကျခံအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများဖြစ်ရန် အာမခံ ရေးကို ရည်ရွယ်ကြောင်း၊ ယင်းမှာ မျက်မှောက်ကမ္ဘာ့အခြေအနေ၏ မဖြစ်မနေရွေးချယ်မှုဖြစ်ကြောင်း Randhir Kumar Jaiswal က ပြောကြားခဲ့သည်။ အမေရိကန်-အိန္ဒိယ နှစ်ဖက်အနေဖြင့် ယခုကာလများတွင် ကုန်သွယ်ရေးဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများအပေါ် စည်းကြပ်ခွန် သက်သာခွင့်ပေးရန် တောင်းဆိုချက်ကို အိန္ဒိယက အစဉ်ငြင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ ဇူလိုင်လ ၃၁ ရက်က အမေရိကန်ကထုတ်ပြန်သည့် ကုန်သွယ်ဖက် ၆၉ ခုအပေါ် ကောက်ခံမည့် စည်းကြပ်ခွန်နှုန်းထားများ အရ အမေရိကန်သို့တင်သွင်းသော အိန္ဒိယကုန်ပစ္စည်းများသည် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်း ခံရမည် ဖြစ်သည်။

06 Aug

ADVERTISE HERE .