အရှိန်မြင့်လာသော အကျပ်အတည်းများကြောင့် ၂၀၂၅ ခုနှစ်မကုန်မီ ဒုက္ခသည် ၂ သန်းနီးပါး ယူဂန္ဓာ လက်ခံရဖွယ်ရှိဟု ကုလသမဂ္ဂထုတ်ပြန်
06 Aug
ဒုက္ခသည်ဦးရေ ၁ ဒသမ ၉၃ သန်းကို လက်ခံထားပြီးဖြစ်သော ယူဂန္ဓာနိုင်ငံသည် ဆူဒန်၊ တောင်ဆူဒန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့၌ အကျပ်အတည်းများ ပြင်းထန်လာခြင်းကြောင့် ၎င်းဒုက္ခသည်ဦးရေမှာ ၂၀၂၅ ခုနှစ်မကုန်မီ ၂ သန်းသို့တိုးလာဖွယ်ရှိသည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက သြဂုတ်လ ၄ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ဆူဒန်၊ တောင်ဆူဒန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ရှိ အကျပ်အတည်းများက နေ့စဉ်ပျမ်းမျှ လူပေါင်း ၆၀၀ ခန့်အား ဘေးကင်းရေးနှင့် အသက်ကယ်ဆယ်ရေးအကူအညီများ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် နယ်စပ်ဖြတ်ကျော်ရန် တွန်းအားပေးနေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူ Farhan Haq က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ကို ကိုးကား၍ ပြောကြား ခဲ့သည်။ ယူဂန္ဓာသည် အာဖရိကတွင် ဒုက္ခသည်ဦးရေ အများဆုံးလက်ခံသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယ အများဆုံး လက်ခံသည့်နိုင်ငံလည်းဖြစ်ကြောင်း Haq က ပြောကြားခဲ့သည်။ ယူဂန္ဓာ၏ ဒုက္ခသည်ဆိုင်ရာမူဝါဒသည် ဒုက္ခသည်များကို နေထိုင်မှု၊ အလုပ်နှင့် ပြည်သူ့ဝန်ဆောင်မှုများကို လက်လှမ်းမီရန် ခွင့်ပြုပေးသော်လည်း ရန်ပုံငွေလိုနေမှုများက အကူအညီများပေးအပ်ခြင်းအပေါ် အကြီးအကျယ် သက်ရောက်မှုရှိပြီး နှစ်ပေါင်းများစွာ တိုးတက်လာမှုကို နောက်ပြန်ဆွဲရန် ခြိမ်းခြောက်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိတွင် UNHCR သည် ယူဂန္ဓာရှိ ဒုက္ခသည်များအတွက် ၂၅ ရာခိုင်နှုန်းသာ ငွေကြေးပံ့ပိုးထားပြီး ဒုက္ခသည်များနှင့် ၎င်းတို့၏ ဒေသခံလူမှုအသိုင်းအဝိုင်းများ ဘေးကင်းပြီး သိက္ခာရှိစွာ နေထိုင်နိုင်စေရန် နိုင်ငံတကာ အကူအညီများနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုအရေးတကြီး တောင်းဆိုနေကြောင်း သိရသည်။