ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိအောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေး ပြော

06 Aug

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ်လ ၄ ရက်၌ ပြောကြားခဲ့သည်။ နေတန်ယာဟု အနေဖြင့် ဂါဇာအား အလုံးစုံပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ်လ ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါ တို့က စားနပ်ရိက္ခာများပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာ ဒေသသို့ ဩဂုတ်လ ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ဂျော်ဒန်တော်ဝင်မိသားစု ပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်းစာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်းတစ်ခုမှာ ဩဂုတ်လ ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ်ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိ နိုင်ရန် ကနဦးစီစဉ်ထားသော်လည်း လွန်ခဲ့သောသီတင်းနှစ်ပတ်အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသလို ရှာဖွေ စစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။ ဟားမက်စ်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ်လ ၃ ရက်တွင် ဂါဇာသို့ အကူအညီပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင်လ ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်း ထရပ်ကားအရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေသည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက် များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံးလိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။

06 Aug

ADVERTISE HERE .