“မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီအတွက် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေး”
06 Aug
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန်(အနောက်)ကျေးရွာအနီး အောင်ပင်လယ် လျှပ်စစ် ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်း သုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ် လျှပ်စစ်ရေတင်လုပ်ငန်းစီမံကိန်း ဧရိယာ အတွင်းရှိ ဒေသခံတောင်သူများအား သီးနှံစိုက်ပျိုးချိန် ရာသီစိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျ ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း ဧရိယာအတွင်း အကျိုးပြုဧရိယာဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျှပ်စစ်ရေတင်လုပ်ငန်းစီမံကိန်း ဧရိယာသုံးခုအတွင်း လျာထားဧက ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မင်းဘူး(စကု)မြို့နယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းစတဲ့ စီမံကိန်းလုပ်ငန်းပေါင်းသုံးခုရှိပါတယ်။ အဆိုပါစီမံကိန်းလုပ်ငန်းများတွင် အကျိုးပြု ဧရိယာ ပေါင်း ၁,၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁,၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးထားပြီဖြစ်ပါတယ်။ သီးနှံစိုက်တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)