“ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင် ပြင်ဆင်ထိန်းသိမ်းမည်”
06 Aug
ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင် ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ဩဂုတ်လ ၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း က ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလည်း အွန်လိုင်းမှတက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားရန်၊ ဝဇီရာရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ရာတွင် မူလဗိသုကာ ပုံစံမပျက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေအေးပေးစနစ်၊ မီးစနစ်၊ ပြသမှုစနစ်များကို ခေတ်မီအောင်ဆောင်ရွက်ပြီး မူလဒီဇိုင်းကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ပုံရိပ်ကိုပြသမည့် အဆောက်အအုံဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံသာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းကျောင်း၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အမှတ်တရပွဲများနှင့် Memory Film Festival စတဲ့ ပွဲတော်များလည်း ကျင်းပနိုင်ရန်အတွက် အဆင့်မြှင့်တင်လုပ်ဆောင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။ ဆက်လက်၍ တက်ရောက်လာကြသူများက ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နိုင်ရေး အတွက် လိုအပ်တဲ့ အဆောက်အအုံပြုပြင်မွမ်းမံခြင်း၊ ဗိသုကာဆိုင်ရာနည်းပညာများ၊ အသံစနစ်ပိုင်းဆိုင်ရာပြုပြင်မှု၊ ရုပ်ရှင်ပြသမှုစနစ်၊ ပြဇာတ်အပြင်အဆင်၊ အဆင့်မြင့်ထိုင်ခုံများလဲလှယ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာများ၊ လူသွားစင်္ကြံများ စနစ်တကျဖြစ်စေရေးရန် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)