“ထိုင်းရောက် မြန်မာရွှေ့ပြောင်းများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးမည်”
06 Aug
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ်(Certificate of Identity – CI)ကိုစခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ အသိပေးကြေညာထားပါတယ်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် ဩဂုတ်လ ၆ ရက် မှစပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ သက်သေခံလက်မှတ်(Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် ၆ လ အောက်ကျန်ရစ် နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများအား အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ် နှင့်အတူ CI စာအုပ်အသစ်များထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထား စိစစ်ပြီးနောက်နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးသွားမှာဖြစ်သလို Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးသွားမှာဖြစ်ပါတယ်။ CI စာအုပ်အသစ်လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်များတွင် တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်များပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါစခန်းများ၌ ဆောင်ရွက်ရာမှာ တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံးမှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက် သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)အပါအဝင် ခရိုင်တချို့မှာတော့ လုပ်ငန်းရှင်တွေက နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သားတွေကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်လာကြ တယ်လို့လည်း သိရပါတယ်။ (NVS 004)