“ငါးလုပ်ငန်းသိပ္ပံကျောင်းဝင်ခွင့် လျှောက်ထားမှုများစတင်လက်ခံ”
06 Aug
ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းအား တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (သိပ္ပံတွဲ)နဲ့ အောင်မြင်ပြီး အသက် ၂၂ အောက်ရှိသူများ လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ အဆိုပါဒီပလိုမာသင်တန်းကို ၃ နှစ်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအောင်လက်မှတ်(Diploma in Fisheries and Aquaculture) ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပလိုမာသင်တန်းအောင်မြင်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ လျှောက်ထားသူများအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်သူ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်းသိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်မှာ လျှောက်လွှာပိတ် မှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး ထောက်ခံချက်(မူရင်း)၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း(မိတ္တူ)(ကျောင်းအပ်နှံသည့်အချိန်မှာ မူရင်းတင်ပြရမည်) မွေးသက္ကရာဇ် မှန်ကန်ကြောင်းထောက်ခံချက် (သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက်)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊ လျှောက်ထားသူနှင့်မိဘနှစ်ပါးရဲ့ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)များနှင့်အိမ်ထောင်စုဇယား(မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ (အောက်ခံအပြာရောင်ဖြင့်) (၅)ပုံ (၁.၁’’ × ၁.၃’’) လက်မလိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်လွှာများကို တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့နယ်/ ငါးလုပ်ငန်းဦးစီးဌာန/ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ စက်တင်ဘာလ ၃၀ ရက်ထက် နောက်မကျစေဘဲ တိုက်ရိုက်ပေးပို့လျှောက်ထားရမှာ ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျသောလျှောက်လွှာများ၊ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဉ်းစား မည်မဟုတ်ကြောင်း အသိပေးထားပါတယ်။ တက်ရောက်ခွင့်ရရှိသူ အမည်စာရင်းနှင့် ကျောင်းဖွင့်လှစ်မည့်ရက်ကို တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှ ထပ်မံအကြောင်းကြားပေးသွား မှာဖြစ်ပါတယ်။ (NVS 004)