“ရွှေတိဂုံစေတီတော်ကြီး မေတ္တာအခါတော်နေ့အခမ်းအနားမှာ ပန်းစေတီကပ်လှူပူဇော်ပွဲ ထည့်သွင်းကျင်းပမည်”
06 Aug
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ကြီးမှာ ကျင်းပပြုလုပ်မယ့် မေတ္တာအခါတော်နေ့ အခမ်းအနားတွင် ပန်းပေါင်း ၈၄,၀၀၀ ပါဝင်တဲ့ ပန်းစေတီကပ်လှူပူဇော်ပွဲကို ထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ရွှေတိဂုံစေတီတော်ကြီးတွင် အခါတော်နေ့အခမ်းအနားများကို တစ်နှစ်တာကလပတ်လုံး ကျင်းပလျက်ရှိရာ ဩဂုတ်လ ၈ ရက်(ဝါခေါင်လပြည့်နေ့)မှာကျရောက်မည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ရွှေတိဂုံစေတီတော်ကြီး ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဩဂုတ်လ ၈ ရက် နံနက် ၅ နာရီခွဲမှာ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် တာဝန်ရှိဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များနဲ့ အရုဏ်ဆွမ်းကပ်လှူပူဇော်ကြမှာဖြစ်ပြီး နံနက် ၆ နာရီမျာ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်းမှာ မေတ္တာအခါတော်နေ့အခမ်းအနာ ကျင်းပသွားမှာဖြစ်ပါတယ်။ နံနက် ၇ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှစတင်ပြီး ပန်းစေတီတွေကို ပင့်ဆောင်ကာ ရင်ပြင်တော်တစ်ပတ်လှည့်လည် ပူဇော်၍ မုခ်လေးမုခ်က ဗုဒ္ဓရုပ်ပွားတော်များနှင့် အထက်ပစ္စယံက ပတ္တမြားမျက်ရှင် ရုပ်ပွားတော်ကြီးကို ပန်းစေတီများနဲ့ ပူဇော်မှာဖြစ်ပါတယ်။ နံနက် ၉ နာရီခွဲမှ ဝါတွင်းသီလခံယူပွဲ ရေစက်ချ အခမ်းအနားနဲ့ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်း သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)