"ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုများကို ထပ်မံကွင်းဆင်းစစ်ဆေးသွားမည်"

06 Aug

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ပြည်ပ ပညာရှင်များပါဝင်သော အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာရှေးဟောင်းသုတေသနနှင့် အနုပညာဌာနအဖွဲ့က အခုဩဂုတ်လနှောင်းပိုင်းတွင် ဒုတိယအဆင့်အနေနဲ့ ထပ်မံကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသနနှင့် အနုပညာဌာနအဖွဲ့ ဟာ ယူနက်စကိုရဲ့အကူအညီနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ အမရပူရ၊ အင်းဝနဲ့ မန္တလေးမြို့တွေကို သွားရောက်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှုကို ပထမအဆင့်အနေနဲ့ လေ့လာဆန်းစစ် အကဲဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါအဖွဲ့က အမရပူရရှိ ရွှေဂူကြီးဘုရား၊ အင်းဝမြို့ရှိ လေးထပ်ကျောင်းဆောင်၊ မယ်နုအုတ်ကျောင်း၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်စေတီနဲ့ မန္တလေးနန်းတော်နေရာများကိုကို သွားရောက်ခဲ့ပြီး ရေရှည်ပြန်လည် ထူထောင်ရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အရေးပေါ်ပြန်လည်ထိန်းသိမ်းရေး အစီအမံတွေနဲ့ အဆင့်မြင့် စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အခုလာမယ့် ဩဂုတ်လနှောင်းပိုင်းမှာတော့ ဒုတိယအဆင့် ကွင်းဆင်း စစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

06 Aug

ADVERTISE HERE .