မောင်းသူမဲ့နည်းပညာက ဒေသခံများအတွက် ခရီးသွားအတွေ့အကြုံသစ်ကို ခံစားရရှိစေ

05 Aug

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တွင် မြို့ပြလှုပ်ရှားသွားလာမှု၏ အနာဂတ်မှာ အစီအစဉ်တကျ ဖြစ်ပေါ်လာနေပြီဖြစ်သည်။ ပိုင်ယွင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုက်နက် ရိုးရှင်းလှသော အွန်လိုင်းမှ ကြိုတင်မှာယူမှုဖြင့် မောင်းသူမဲ့တက္ကစီအငှားယာဉ်တစ်စီးကို ခေါ်ယူနိုင်သည်။ မြို့တွင်း၌ Canton တာဝါကဲ့သို့ အထင်ကရနေများတစ်ဝိုက် မောင်းသူမဲ့မီနီဘတ်စ်ကားများမှာ လွန်းပျံပြေးဆွဲလျက်ရှိသလို ဝေဟင်နိမ့်လေယာဉ် လမ်းကြောင်းများကလည်း နိစ္စဓူဝအသုံးပြုလာသည့် လေယာဉ်ဘတ်စ်ကားများအဖြစ် ပြောင်းလဲလာပြီဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ကွမ်ကျိုးအခြေစိုက် စက်ရုပ်တက္ကစီဝန်ဆောင်မှုဖြစ်သော Pony. ai ကုမ္ပဏီက ကွမ်ကျိုးမြို့လယ်နေရာ၊ လေဆိပ်နှင့် မြန်နှုန်းမြင့်ရထားလမ်း အချက်အချာအတွင်း စက်ရုပ်တက္ကစီ လမ်းကြောင်းကို ပြေးဆွဲလျက်ရှိသည်။ ဈေးနှုန်းတွေကိုလည်း ပုံမှန်တက္ကစီတွေနဲ့ ကိုက်ညီအောင်လုပ်ထားကြောင်း Pony. ai ဝန်ထမ်းတစ်ဦးက ဆိုသည်။ အခုဆိုရင် ကားတစ်စီးက တစ်နေ့ကို ခရီးစဉ် ၁၅ ကြောင်း ပြေးဆွဲနိုင်ပြီဖြစ်သလို တောင်းဆိုမှုတွေ ကလည်း မြင့်မားလာကြောင်း ၎င်းက ပြောခဲ့သည်။ ရေဒါများနှင့် ရုပ်ထွက်မြင့်မားသော ကင်မရာအများအပြား၊ လူ၏လုပ်ဆောင်မှု မပါဝင်ဘဲ လမ်းကြောင်းပြောင်းလဲမှုတိုင်းကို ဆုံးဖြတ်ပေးနိုင်မှု စသည့် မမြင်နိုင်သော ကွဲပြား ခြားနားမှုလည်း ရှိပေသည်။ ကွမ်ကျိုးမြို့အခြေစိုက် နောက်ထပ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော WeRide ကလည်း Canton တာဝါတွင် မောင်းသူမဲ့မီနီဘတ်စ်ဝန်ဆောင်မှုကို ဖော်ဆောင်လျက်ရှိသည်။ ထိုခေတ်မီဝန်ဆောင်မှုကလည်း ကွမ်ကျိုးမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်တိုင်း မဖြစ်မနေလုပ်ဆောင်သင့်သော အတွေ့ အကြုံတစ်ခု ဖြစ်လာခဲ့သည်။ ၉ ကီလိုမီတာရှည်လျားသည့် Canton တာဝါလမ်းကြောင်းကို နေ့စဉ် နံနက် ၈ နာရီမှ ည ၉ နာရီအထိ လည်ပတ်ပြေးဆွဲလျက်ရှိကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ခရီးသည် ၁ ဒသမ ၁၃ သန်း ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကီလိုမီတာ ၂ ဒသမ ၀၁ သန်းကျော် ပြေးဆွဲခဲ့ပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းတွင်မူ ထိုကဲ့သို့ မောင်းသူမဲ့ဘတ်စ်ကားလမ်းကြောင်း ၁၂ ခုအထိ ရှိလာပြီ ဖြစ်ကာ လိုက်ပါစီးနင်းသူ ၁ ဒသမ ၁၇ သန်းအား ဝန်ဆောင်မှုပေးနိုင်ခဲ့သလို ကွမ်ကျိုးမြို့တစ်ခွင် ကီလိုမီတာ ၂ ဒသမ ၁၇ သန်း ပြေးဆွဲနိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းမြို့၏ ဘတ်စ်ကားလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောခဲ့သည်။ အဆိုပါ သရုပ်ပြလမ်းကြောင်းများ ဖော်ဆောင်ခြင်းက ကွမ်ကျိုးမြို့၏ အလိုအလျောက်မောင်းနှင်မူ မူဝါဒများ၌ ပုံမှန်တိုးတက်မှုကို မီးမောင်းထိုးပြသနေခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် အလိုအလျောက်မောင်းနှင်မှု စူးစမ်းလေ့လာဖော်ထုတ်ရာတွင် အစောဆုံးမြို့များအနက် တစ်မြို့ဖြစ်သော ကွမ်ကျိုးမြို့က စမ်းသပ်လမ်းပုံစံအခြေအနေအမျိုးမျိုး ပေးစွမ်းလျက်ရှိသလို ဉာဏ်ရည်ရှိ ကွန်ရက်ချိတ်ဆက်မော်တော်ယာဉ်များ (ICVs) အသုံးပြုမှုနှင့် သရုပ်ပြမှုအတွက် သင့်လျော်သော ပတ်ဝန်းကျင် အခင်းအကျင်းကိုလည်း ဖန်တီးပေးလျက်ရှိသည်။ ကွမ်ကျိုးမြို့သည် ၂၀၁၈ ခုနှစ်မှစ၍ ICV ဈေးကွက်အား တက်တက်ကြွကြွဖော်ထုတ်လျက်ရှိသလို လမ်းစမ်းသပ်မှု၊ သရုပ်ပြအသုံးပြုမှုနှင့် လည်ပတ်ပြေးဆွဲမှု စသည်တို့နှင့် ဆက်စပ်သော မူဝါဒများနှင့် စံချိန်စံနှုန်း များကို မိတ်ဆက်ကာ မြို့ပြလမ်းများကို မြှင့်တင်ဖွင့်လှစ်ပေးလျက်ရှိသည်။ ထို့ပြင် ကွမ်ကျိုးမြို့သည် လေကြောင်းသယ်ယူပို့ဆောင်ရေးကို အရှိန်မြင့်မားစွာ တိုးတက်စေခြင်းဖြင့် အလိုအလျောက်မောင်းနှင်မှု နယ်နိမိတ်များကို ချဲ့ထွင်လျက်ရှိပေသည်။ မေလနှောင်းပိုင်းက ကွမ်ကျိုးမြို့အခြေစိုက် ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ EHang Intelligent က တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (CAAC) ထံမှ မောင်းသူမဲ့ ခရီးသည်တင်ဒရုန်းများအတွက် ပြေးဆွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့သည်။ သုံးစွဲသူများအနေဖြင့် ဝေဟင်နိမ့်လေကြောင်းခရီးစဉ်များ၊ မြို့တစ်ခွင် ရှုခင်းကြည့်ခြင်း၊ စီးပွားဖြစ် ခရီးသည်ဝန်ဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခံစားနိုင်ရန် ကွမ်ကျိုးမြို့ရှိ သတ်မှတ်ထားသော လုပ်ငန်းလည်ပတ်မှုနေရာများ၌ လက်မှတ်များကို ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ “အနာဂတ်မှာ လေယာဉ်တွေကလည်း ဘတ်စ်ကားတွေလိုမျိုး ရပ်နားရာနေရာ သတ်သတ်မှတ်မှတ် ရှိလာတော့မှာပါ။ အဲဒီရပ်နားရာနေရာတွေကလည်း လူတွေရဲ့ အိမ်တွေ၊ ခရီးစဉ်နေရာတွေနဲ့ သိပ်ကိုနီးကပ်တဲ့ နေရာမှာ ရှိနေမှာပါ။ လူတွေအနေနဲ့လည်း သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် လေယာဉ်စီးဖို့ ကြိုတင်မှာယူ နိုင်တော့မှာ ဖြစ်ပါတယ်” ဟု EHang Intelligent ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ရွှဲဖုန် က ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော ကွမ်တုန်းမြို့၏ ဝေဟင်နိမ့်လေကြောင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အရ ၂၀၂၇ ခုနှစ် နှစ်ကုန်မတိုင်မီ ကွမ်ကျိုး၏ ဝေဟင်နိမ့်လေကြောင်း စီးပွားရေး လုပ်ငန်းက ယွမ် ဘီလီယံ ၁၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံခန့်) အထိ ရောက်ရှိလာမည်ဟု ခန့်မှန်း ထားကြောင်းသိရသည်။ CAAC မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဝေဟင်နိမ့်စီးပွားရေးကဏ္ဍ၏ ဈေးကွက်ပမာဏမှာ ယွမ် ၁ ဒသမ ၅ ထရီလီယံအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားသလို ၂၀၃၅ ခုနှစ်တွင်မူ ၃ ဒသမ ၅ ထရီလီယံအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

05 Aug

ADVERTISE HERE .