စီးပွားရေး တည်ငြိမ်စွာဖွံ့ဖြိုးမှုကြောင့် ဟောင်ကောင်ဒေသ၏ စားသုံးသူငွေကြေးသုံးစွဲမှု မြင့်တက်လာမည်ဟု ဘဏ္ဍာရေးအတွင်းဝန်ပြော

05 Aug

စီးပွားရေး တည်ငြိမ်စွာဖွံ့ဖြိုးမှုနှင့် ငွေကြေးဈေးကွက်အရောင်းအဝယ် သွက်လက်ကောင်းမွန်မှုတို့က တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ စားသုံးသူငွေကြေးသုံးစွဲမှုကို အထောက်အကူပေးနိုင်မည်ဟု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချန် က ဩဂုတ်လ ၃ ရက်၌ ၎င်း၏ဘလော့ဂ်တစ်ခုတွင် ရေးသားခဲ့သည်။ ယခုနှစ် ဒုတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသရှိ စားသောက်ဆိုင်များ၏ စုစုပေါင်းဝင်ငွေမှာ ယမန်နှစ် ကာလတူထက် တိုးတက်လာမည်ဟု ချန် က မျှော်လင့်ထားကာ ယင်းနှင့်သက်ဆိုင်သည့် အချက် အလက်များကို HKSAR အစိုးရက မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။ အိမ်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး အိမ်ခြံမြေ အရောင်းအဝယ်များမှာ ယခင်သုံးလပတ်ကာလ ထက် သိသိသာသာတိုးလာခဲ့ကြောင်း ချန် က အလေးအနက်ပြောကြားခဲ့သည်။ ဟောင်ကောင်၏ စီးပွားရေးမှာ ဒုတိယသုံးလပတ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ သုံးလပတ် ၁၀ ခုဆက်တိုက် တိုးတက်ခဲ့ခြင်းဖြစ်သလို လက်လီရောင်းအားမှာလည်း ယမန်နှစ် ကာလတူထက် ၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။ ခိုင်မာအားကောင်းသည့် စီးပွားရေးတိုးတက်မှုက ဒေသအလိုက် ဝင်ငွေများနှင့် ငွေကြေးသုံးစွဲမှုတို့ကို မြှင့်တင်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု ချန် က ဆိုသည်။ ဟောင်ကောင်၏ ခရီးသွားလုပ်ငန်း၊ လက်လီလုပ်ငန်းနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများမှာ ဒေသခံများနှင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရန် ထူးခြားဆန်းသစ်သော စိတ်ကူးများကို ရှာဖွေလျက် ရှိကြောင်း၊ ဇူလိုင်လ ၃၁ ရက်က ကျင်းပပြီးစီးခဲ့ပြီး အာဆင်နယ်၊ တော့တင်ဟမ် ဟော့စပါး၊ လီဗာပူးလ်နှင့် အေစီမီလန်ကဲ့သို့ နာမည်ကြီး ဘောလုံးအသင်းများ ပါဝင်သည့် Hong Kong Football Festival 2025 က အားကစားဝါသနာရှင် တစ်သိန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ချန် က အလေးအနက်ပြောကြားခဲ့သည်။ ယင်းပြိုင်ပွဲမှ ပွဲစဉ်တစ်ပွဲမှာ Kai Tak အားကစားကွင်းသစ်၌ ပရိသတ် လာရောက်ကြည့်ရှုမှုအများဆုံး အားကစားပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ HKSAR အစိုးရအနေဖြင့် ပိုမိုကြီးကျယ်ခမ်းနားသည့် အခမ်းအနားများ စီစဉ်ကျင်းပရန်နှင့် ငွေကြေး သုံးစွဲမှုကို နှိုးဆွပေးရန်အတွက် သက်ဆိုင်ရာလုပ်ငန်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ဘဏ္ဍာရေး အတွင်းဝန် ပေါလ်ချန် က ပြောကြားခဲ့သည်။

05 Aug

ADVERTISE HERE .