ပထမနှစ်ဝက်အတွင်း ဒူဘိုင်းသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၉ ဒသမ ၈၈ သန်းရှိခဲ့ပြီး ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့
05 Aug
ဒူဘိုင်း၏ ခရီးသွားကဏ္ဍသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၉ ဒသမ ၈၈ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး တိုးတက်မှုစံချိန်တင်ခဲ့ကြောင်း သိရသည်။ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၆ ရာခိုင်နှုန်းတိုးလာကြောင်း ဒူဘိုင်း၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းဌာနမှ သြဂုတ်လ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ၎င်းတိုးတက်မှုသည် ဒူဘိုင်း၏ ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးအတွက် အဓိကကမ္ဘာလုံးဆိုင်ရာ ဦးတည်ရာနေရာတစ်ခုဖြစ်လာစေရန် ကြိုးပမ်းအားထုတ်မှုများကို ထင်ရှားစေကြောင်း ဒူဘိုင်းအိမ်ရှေ့မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum က ပြောကြားခဲ့သည်။ အနောက်ဥရောပသည် အဆိုပါခရီးသွားဧည့်သည်အားလုံး၏ ၂၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကာ ဒူဘိုင်း၏ ထိပ်တန်းခရီးသွားအရင်းအမြစ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ တစ်ချိန်တည်းတွင် ပင်လယ်ကွေ့၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများမှ စုစုပေါင်းလာရောက်လည်ပတ်သူဦးရေမှာ ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ခိုင်မာသောတိုးတက်မှုကို ပြသခဲ့သည်။ ယခုနှစ်ပထမနှစ်ဝက်ကာလအတွင်း ဒူဘိုင်း၏ ဟိုတယ်လုပ်ငန်းကဏ္ဍသည်လည်း ဟိုတယ်အခန်း ငှားရမ်းမှုနှုန်း ၈၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် စွမ်းဆောင်ရည်ကောင်းခဲ့သည်။ ဟိုတယ်အဆောက်အအုံ စုစုပေါင်း ၈၂၂ ခု တိုးလာခဲ့ပြီး အခန်းပေါင်း ၁၅၂,၀၀၀ ကျော် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။