“တရုတ်နှင့်ရုရှားတို့က ဆက်ဆံရေးပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်”
04 Aug
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြားချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၃ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါအင်အားကြီးနှစ်နိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ထားသည် သာမက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်လာခြင်းဖြစ်သည်။ Joint Sea-2025 ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ အနီး၌ စတင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ပူးတွဲရေငုပ်ကာကွယ်ရေး၊ ပူးတွဲဒုံးဖျက် စစ်ဆင်ရေး၊ သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းရန်ရေကြောင်း တိုက်ခိုက်ရေးလေ့ကျင့်ခန်း များပါဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက် ၌ဖော်ပြထားသည်။ တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ပြီးပါကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဆက်စပ်ရေပြင်၌ ပူးတွဲကင်းလှည့်မှုများလုပ်သွားမည်ဖြစ်သည်။ ယင်းနှစ်နိုင်ငံသည် Joint Sea အမည်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ကို ၂၀၁၂ ခုနှစ်ကတည်းကလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။