“ယခုနှစ် ၆ လအတွင်း သက်တမ်းတိုးယာဉ် ၂၇,၀၀၀ ကျော်ရှိ”
04 Aug
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှာ CITY TAXI ၊ EV TAXI နှင့် 3 Wheels TAXI ယာဉ်အဖြစ် မှတ်ပုံတင်ထားတဲ့ ယာဉ်ပေါင်း ၅၈,၀၀၀ ကျော်ရှိတဲ့အနက် ယခုနှစ် ၆ လအတွင်း သက်တမ်းတိုးယာဉ် ၂၇,၀၀၀ ကျော်ရှိတယ်လို့ အဆိုပါကော်မတီထံမှ သိရပါတယ်။ CITY TAXI မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေက ၅၇,၁၀၃ စီး၊ EV TAXI မှတ်ပုံတင်ထားတဲ့ယာဉ်အစီးရေ ၄၁၇ စီး၊ 3 Wheels TAXI ၉၆၄ စီး ရှိပါတယ်။ ၂၀၂၅ ခုနှစ် ၆ လတာကာလအတွင်းမှာ သက်တမ်းတိုး CITY TAXI ယာဉ် ၂၆,၄၀၈ စီး၊ EV TAXI ယာဉ် ၂၃၁ စီးနဲ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဧရိယာပြင်ပ ၁၃ မြို့နယ်မှာ ပြေးဆွဲတဲ့ 3 Wheels TAXI ယာဉ် ၄၀၇ စီးတို့ကို သက်တမ်းတိုး မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောကြားခဲ့ပါတယ်။ မှတ်ပုံတင်သက်တမ်းတိုးပေးခြင်းကို YRTC ကကြီးမှူးပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံ လမ်းမှာရှိတဲ့ ရန်ကုန်စီးတီးတက္ကစီ အသင်းရုံးမှာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ CITY TAXI မှတ်ပုံတင်ရာမှာလည်း ယခင်ကရပ်ကွက် ထောက်ခံစာ၊ သန်းခေါင်စာရင်းတွေ၊ စာချုပ်တွေ တောင်းခံတာတွေရှိခဲ့ပေမယ့် ယခုအခါ ယာဉ်မှတ်ပုံတင်စာအုပ်မှာရှိတဲ့ နောက်ဆုံးအမည်ပေါက်၊ သက်တမ်းတိုးပြီး အထောက်အထား၊ လုပ်ငန်းလိုင်စင်အပိုင်း တစ်နဲ့နှစ်၊ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတွေရဲ့မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နဲ့“င” အထောက်အထားတွေပဲယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ YRTC အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် တက္ကစီယာဉ်များ စည်းကမ်းနှင့် အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ မြို့တော်အင်္ဂါရပ် နှင့်ညီညွတ်သော CITY TAXI ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှု ပြုလုပ်နိုင်ရန်အတွက် CITY TAXI ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။ (NVS 004)