စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၀၈ ဘီလီယံကျော်ကို တောင်သူ ၂ သိန်းကျော်အား ထုတ်ချေးထား
03 Aug
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူ ၂ သိန်းကျော်အား စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၀၈ ဘီလီယံကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေနဲ့ အချိန်စေ့ချေးငွေ ပြေကျေမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိနိုငမှာဖြစ်ပါတယ်။ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ချေးငွေ အရင်း၊ အတိုးပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအား မိုးရာသီစိုက်ပျိုးချိန်အမီ ချေးငွေကို ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးလျက် ရှိပါတယ်။ အဆိုပါချေးငွေကို စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးသွားမှာဖြစ်ပြီး ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူလယ်သမားများအနေဖြင့် ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေး အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထားကြောင်း သိရပါတယ်။(NVS 004)