“ဂျပန်က ဆူနာမီသတိပေးချက်များအားလုံးကို ရုပ်သိမ်းခဲ့”

01 Aug

ရုရှားနိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်း၌ အလွန်အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ဂျပန်အစိုးရက ဇူလိုင်လ ၃၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်၌ ပြင်းအား ၈ ဒသမ ၈ ရစ်(ခ်)တာစကေးရှိ ငလျင် တစ်ခုလှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံမိုးလေဝသဌာနက နိုင်ငံမြောက်ပိုင်းရှိဟော့ကိုင်းဒိုးဒေသမှ နိုင်ငံအနောက်ပိုင်း ရှိ ဝါကာယာမာဒေသအထိ ဆူနာမီလှိုင်းရိုက်ခတ်နိုင်မှုသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် သတိပေးချက်အဆင့်ကို လျှော့ချခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် ကြုံတွေ့ရသော အမြင့်ဆုံးလှိုင်းအမြင့်မှာ ၁ ဒသမ ၃ မီတာ ဖြစ်ပြီး အီဝါတေးဒေသရှိ ကူဂျီဆိပ်ကမ်း၌ ကြုံတွေ့ရခြင်းဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ အချို့သောနေရာများတွင် ကြုံတွေ့ရသောလှိုင်းအမြင့်သည် ၇၀ စင်တီမီတာသာ ရှိကြောင်း၊ ထိုလှိုင်းကို ကြုံတွေ့ရသည့်ဒေသများမှာ ဟော့ကိုင်းဒိုးပြည်နယ် ဟီရူးမြို့နှင့် အီဘာရာကီပြည်နယ် အိုအာရာအီမြို့တို့ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မိုးလေဝသဌာနအနေဖြင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီးနောက် အသက် ၅၈ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် ၎င်းစီးနင်းလာသော မော်တော်ကားနှင့်အတူ မီအေးပြည်နယ်၌ ချောက် အတွင်းသို့ ထိုးကျသွားခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Aug

ADVERTISE HERE .