“မြောက်ကိုရီးယားအား နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန်လိုအပ်ဟု အမေရိကန် အား ကင်ယိုဂျုံပြော”

31 Jul

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာ ကြောင်းကို အသိအမှတ်ပြုရန်လိုအပ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားသည်ဟု KCNA သတင်းအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ကင်ယိုဂျုံ သည် လက်ရှိတွင် ကိုရီးယားအလုပ်သမားများပါတီ၊ဗဟိုကော်မတီ၏ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အမေရိကန် အနေဖြင့် အနာဂတ်ကာလတွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယား အင်အားကြီးလက်နက်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု၍ ဆက်ဆံရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြား ထားသည်။ ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နှင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ပုဂ္ဂိုလ်ရေး အရ ခင်မင်မှုများကိုအသုံးချ၍ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားဖျက်သိမ်းရန်မကြိုးပမ်းသင့်ကြောင်း ကင်ယိုဂျုံ က ဆက်လက်သတိပေးထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏အဆိုပါရပ်တည်ချက်ကို ငြင်းဆိုမည့် မည်သည့်ကြိုးပမ်း လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံ၏ လက်ရှိရပ်တည်ချက်ကို ခုခံကာကွယ်ရန်အတွက် ရနိုင်သည့်နည်းလမ်းများကို အသုံးပြုမည်ဖြစ်ကြောင်း ကင်ယိုဂျုံ က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် နျူကလီးယား လက်နက်ပေါင်း ၅ဝ ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး အဆိုပါလက်နက်များသည် နိုင်ငံအတွက် အရေးပါသည့် ကာကွယ် တားဆီးရေးလက်နက်များ အဖြစ်ယူဆလျက် ရှိသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

31 Jul

ADVERTISE HERE .