“တရုတ်နိုင်ငံက အမေရိကန်၏ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှရေနံများကို ဆက်လက်ဝယ်ယူမည်ဖြစ်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော”

31 Jul

တရုတ်နိုင်ငံသည် အမေရိကန်အစိုးရ၏ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှ ရေနံများကို ဆက်လက်ဝယ်ယူမည် ဖြစ် ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် က ပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စွမ်းအင် မူဝါဒကို နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ကိစ္စရပ်တစ်ခုအဖြစ်ရှုမြင်လျက်ရှိပြီး အမေရိကန်၏အခွန်တိုးမြှင့် ကောက်ခံ မည့် ခြိမ်းခြောက်မှုများကိုမမှုဘဲ နိုင်ငံ၏စွမ်းအင်ကဏ္ဍကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဘက်ဆန့် က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဇူလိုင်လ ၂၉ ရက်က တရုတ်နိုင်ငံနှင့်နှစ်ရက်ကြာ ကျင်းပသည့် ကုန်သွယ်ရေး ဆွေးနွေးပွဲပြီးဆုံး ပြီးနောက် ပြောကြားခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်လွှတ်တော်အမတ်များအနေဖြင့် ပိတ်ဆို့မှုအသစ်များကို ထပ်မံအတည်ပြုသင့်ကြောင်း ၎င်းက တောင်းဆိုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသဘော တူညီချက် ချမှတ်နိုင်ရေးလုပ်ဆောင်ရမည့် အချိန်ကာလကို ရက်ပေါင်း ၅၀ မှ ၁၂ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ရန် ဇူလိုင် လ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။ အကယ်၍ ရုရှားနှင့်ယူကရိန်းတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ချမှတ်နိုင်ခြင်းမရှိပါက ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်များအား ဝယ်ယူသည့်နိုင်ငံများအပေါ် တစ်ဆင့်ခံ ပိတ်ဆို့မှုအဖြစ် အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမည်ဟု သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်၏ အဆိုပါသတိပေးချက်ကို ရုရှားနိုင်ငံကဝေဖန်ထားပြီး တရုတ်နိုင်ငံအနေဖြင့်လည်း စွမ်းအင်ကဏ္ဍသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်ကဏ္ဍဖြစ်သောကြောင့် ရုရှားနိုင်ငံမှရေနံကို ဆက်လက်ဝယ်ယူမည်ဟု အမေရိကန်နှင့် ကျင်းပခဲ့သည့် ကုန်သွယ်ရေးဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

31 Jul

ADVERTISE HERE .