“လာမည့်ရွေးကောက်ပွဲတွင် PR စနစ်နှင့် FPTP စနစ်နှစ်မျိုးလုံးကျင့်သုံးသွားမည်”

31 Jul

ဆဋ္ဌမအကြိမ် ပြင်ဆင်တဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကနေ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျ (PR) စနစ် နှင့် အနိုင်ရသူအကုန်ယူ (FPTP) စနစ်နှစ်မျိုးလုံး ကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပြဌာန်းချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံး ရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက် တင်မြှောက်ရန်အတွက် လွှတ်တော်မဲဆန္ဒနယ် တစ်နယ်စီသတ်မှတ်ပေးရမည်ဖြစ်ပြီး ယင်းသို့သတ်မှတ်ပေးပြီးနောက် ကျန်ရှိသောမဲဆန္ဒနယ်များအတွက် မြို့နယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် ကျန်လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မဲဆန္ဒနယ်များကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ယင်းတွင် လွှတ်တော်သက်တမ်းတစ်ရပ်အတွက် သတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်တစ်နယ်အတွင်း ကျရောက်သည့် နယ်မြေတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီကို မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်ဖြစ်သလို ကျန်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

31 Jul

ADVERTISE HERE .