“မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား Quick Impact Project များ အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးမြှင့်ခြင်းနှင့် နယ်နိမိတ်မြေပုံ ၃၆ ချပ် လက်မှတ်ရေးထိုး”
31 Jul
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား Quick Impact Project များ အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးမြှင့်တဲ့ စာချွန်လွှာလဲလှယ်ခြင်းနှင့် မြန်မာ–အိန္ဒိယ နယ်နိမိတ်မြေပုံ ၃၆ ချပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အကောင်အထည် ဖော်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးမြှင့်သည့် စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၏ ရှေ့မှောက်တွင် လဲလှယ်ခဲ့ကြပါတယ်။ အဆိုပါစာချွန်လွှာသက်တမ်းတိုးမြှင့်ခြင်းကြောင့် နှစ်နိုင်ငံအကြား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါတယ်။ ဒါ့ပြင်မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေနဲ့ နယ်နိမိတ်မြေပုံများကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်း အားဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်စီမံခန့်ခွဲမှုတွင် ပိုမိုထိရောက်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)