ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ အတည်ပြုပြဋ္ဌာန်း

30 Jul

-လူသေဆုံးမှုအထိကျူးလွန်ပါက ကျူးလွန်ရာတွင် ပါဝင်သူများကို သေဒဏ်ချမှတ်အရေးယူမည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက် ခြင်းမှ ကာကွယ်ရန်၊ ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်/တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန် ထမ်းဆောင်နိုင်ရန် စသည့် ဥပဒေပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်များကို ဖော်ပြထားရှိပါတယ်။ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ အထွေထွေရွေးကောက်ပွဲကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ဖော်ပြထား ရှိပြီး အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးနှစ်ဦး၊ အဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ပါရှိပါတယ်။ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီက တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီ၊ ပြည်ထောင်စုနယ်မြေ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုကော်မတီ၊ ခရိုင် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၊ မြို့နယ် လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီတို့ကို ဖွဲ့စည်းနိုင်ကြောင်းနှင့် ကော်မတီအသီးသီးတို့၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရှိပြီး ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြီးကြပ်ဆောင်ရွက်ခြင်း၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကို ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ ယခုပြဋ္ဌာန်းထားရှိတဲ့ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ လူသေဆုံးမှုဖြစ်ပွားခဲ့ပါက ပြစ်မှုကျူးလွန် ရာတွင် ပါဝင်သူများကို သေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

30 Jul

ADVERTISE HERE .