“ရုရှားနိုင်ငံသို့ သရက်သီးအနှစ်/အခြောက်များနှင့် အရည်အသွေးမြင့်ကော်ဖီများ တိုးမြှင့်တင်ပို့မည်”

30 Jul

ပြည်တွင်းမှထွက်ရှိသည့် သရက်သီးများမှရရှိတဲ့ သရက်သီးအနှစ်များ၊ အခြောက်များနှင့် ကော်ဖီတို့ကို ရုရှားနိုင်ငံသို့ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်များ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၈ ရက်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်နှင့် သရက်သီးအခြောက် တင်ပို့ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများနှင့် ရုရှားဝယ်လက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်တိုးမြှင့်တင်ပို့နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီများ တင်ပို့နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ကော်ဖီဈေးကွက်အခြေအနေ၊ ဝယ်ယူလိုတဲ့ အမျိုးအစား စသည်ဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ရုရှားနိုင်ငံသည် သရက်သီးအနှစ်ကို အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ်သရက်သီး အနှစ် တန်ချိန် ၁၀,၀၀၀ တင်သွင်းလိုတဲ့အတွက် မြန်မာနိုင်ငံမှ သရက်သီးအနှစ်နှင့်သရက်သီးအခြောက် တင်ပို့လိုတဲ့ လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

30 Jul

ADVERTISE HERE .