ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အခြေအနေ ပြေလျော့သွားပြီဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

29 Jul

ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်ယံ၌ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အခြေအနေ ပြေလျော့သွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက် က ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။ “မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အကြား ရရှိခဲ့တဲ့ သဘောတူညီချက်နဲ့အညီ ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်မှာ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာပြီးနောက် ရှေ့တန်းစစ်မျက်နှာမှာ တင်းမာမှုတွေ ပြေလျော့သွားပါပြီ” ဟု ဟွန်မန်နက် က ၎င်း၏ တရားဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ပို့စ်တင်ခဲ့သည်။ “တိုက်ပွဲတွေကို ပိုပြီးဆောလျင်စွာ ရပ်တန့်နိုင်ခဲ့တာကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့သူတွေလို ထိခိုက်ခံစား ရသူတွေအနေနဲ့ သူတို့ရဲ့ နေရပ်ဌာနေကို ပိုမိုဆောလျင်စွာ ပြန်လာနိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်နေထိုင် နိုင်တော့မှာပါ” ဟု ၎င်းက ဆိုသည်။ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် တက်ချို ဟွန်ဆန် ကလည်း “ဒီအပစ်အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အပြုသဘောဆောင်ပြီး ထိရောက်အကျိုးရှိတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်” ဟု ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ၎င်း၏ တရားဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင်တို့က ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်မှစ၍ အပစ်အခတ် ရပ်စဲမှုဖော်ဆောင်ရန် သဘောတူညီခဲ့သည်ဟု မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၂၈ ရက်၌ ၎င်းကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သည့် အစည်းအဝေးအပြီးတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့ဝင်များအကြား အငြင်းပွား နယ်စပ်ဒေသများအရေးနှင့် စပ်လျဉ်း၍ ဇူလိုင်လ ၂၄ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသည်ဟု တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

29 Jul

ADVERTISE HERE .