“နည်းပြ အိုင်ဗာနီစီဗစ် နှင့် လမ်းခွဲခဲ့တဲ့ ဂရိတင်းနစ်သမား ဆစ်စီပက်စ်”
29 Jul
ဂရိတင်းနစ်သမား ဆစ်စီပက်စ် ဟာ နည်းပြဖြစ်သူ အိုင်ဗာနီစီဗစ်နဲ့ ၂ လကြာလက်တွဲခဲ့ပြီးနောက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဇူလိုင်လ ၂၃ ရက်က အတည်ပြုလိုက်ပါတယ်။ နည်းပြ အိုင်ဗာနီစီဗစ် နဲ့ လက်တွဲလုပ်ဆောင်တာ အချိန်တိုတောင်းပေမယ့် တန်ဖိုးရှိလှတဲ့ အတွေ့အကြုံ တွေကို ရရှိခဲ့ပါတယ်လို့ အင်စတာဂရမ်မှာ ဆစ်စီပက်စ် က ရေးသားထားပါတယ်။ ကမ္ဘာ့အဆင့် (၂၉) မှာရပ်တည်နေတဲ့ ဆစ်စီပက်စ် ဟာ နည်းပြအဖြစ် အန်ဗာနီစီဗစ် ကို ပြီးခဲ့တဲ့မေလထဲက ခန့်အပ်ထားခဲ့တာဖြစ်ပြီး ဂရင်းစလမ်ပြိုင်ပွဲတွေအပါအဝင် အေတီပီတိုးပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၁ ပြင်သစ်အိုးပင်းနဲ့ ၂၀၂၃ ဩစတြေးလျအိုးပင်း ပြိုင်ပွဲတွေမှာ ဒုတိယဆုရခဲ့တဲ့ ဆစ်စီပက်စ်ဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ပထမအဆင့်မှာပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာ ဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှာ ဆစ်စီပက်စ်ရှုံးနိမ့်ပြီးနောက် နည်းပြဖြစ်သူ အိုင်ဗာနီစီဗစ်က ဆစ်စီပက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပြင်းထန်တဲ့မှတ်ချက်ပြုမှုပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုပြောကြားမှုကြောင့်ပဲ ဆစ်စီပက်စ်နဲ့ အိုင်ဗာနီစီဗစ်တို့ လမ်းခွဲမှု ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ၂၀၀၁ ခုနှစ် ဝင်ဘယ်ဒန်ချန်ပီယံဟောင်း အိုင်ဗာနီစီဗစ် ဟာ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ် နဲ့ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ တို့ကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ (NVS 008)