“အီးယူနှင့်အမေရိကန်တို့ ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်က အီးယူအတွက် ထိုးနှက်ချက်ဖြစ် ဟု လက်ရော့ပြော”
29 Jul
အီးယူအဖွဲ့က အမေရိကန်ပြည်ထောင်စုနှင့် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်သည် အဆိုပါ အဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၈ ရက် တွင် ပြောသည်။ အီးယူ သို့မဟုတ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ချမှတ်ခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည် ဥရောပရှိစက်မှုလုပ်ငန်းများကို လျော့ပါးစေရန်ခြိမ်းခြောက်လျက်ရှိသည့်အပြင် ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းစေရန် ဖိအားပေးနိုင်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း စွမ်းအင်ကဏ္ဍအတွက် အမေရိကန်အပေါ်ပိုမိုအမှီသဟဲပြုရမည့် အလားအလာရှိကြောင်း လက်ရော့ က ပြောသည်။ လက်ရော့၏ အဆိုပါပြောကြားချက်များသည် အီးယူအဖွဲ့မှ ဥရောပကော်မရှင် ဥက္ကဌ အူဆူလာ ဗွန်ဒါလေယန်က အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇူလိုင်လ ၂၇ ရက်တွင်တွေ့ဆုံ၍ နှစ်ဦးနှစ်ဖက် အကြား ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားနိုင်ရန်အတွက် အငြင်းပွားဖွယ် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ကို ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ အမေရိကန်အစိုးရအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများအပေါ် ယခင်ကအဆိုပြုထားသည့်အခွန် ၃၀ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကောက်ခံမည် ဖြစ်သည်။ ထို့ပြင် အီးယူအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၇၅၀ ဘီလီယံ တန်ဖိုးရှိ ဓာတ်ငွေ့အရည်နှင့် နျူကလီးယားလောင်စာကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို ဝယ်ယူရန် လိုအပ်မည့်အပြင် အမေရိကန်နိုင်ငံ၏ စက်မှုကဏ္ဍတွင်လည်း ဒေါ်လာ ၆၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း သိရသည်။ အီးယူနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်သည် အမေရိကန်အစိုးရက ချမှတ်သည့် အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အီးယူအဖွဲ့က လက်သင့်ခံသည်ဟူသော သဘောထားကို ပြသခြင်း ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံများအတွက် သတိထားစရာ ဖြစ်ကြောင်း ဂျာမနီစက်မှုလုပ်ငန်းအဖွဲ့ကြီးမှ စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။