“မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ပထမအဆင့် ၄၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်ပေးနေ”

29 Jul

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ပထမအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ပေးနေလျက်ရှိပြီး ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးစီမံကိန်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းမှ ဇူလိုင်လ ၂၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးရာ ပထမအဆင့် ၄၀ မဂ္ဂါဝပ်တည်ဆောက်ပြီးစီးမှုနှင့် ဓာတ်အားထုတ်လုပ်နေမှု၊ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် စက်ပစ္စည်း များ စီမံကိန်းသို့ ရောက်ရှိဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက် ချုပ်ဆိုထားတဲ့စာချုပ်များကို ပြန်လည်စိစစ်၍ စာချုပ်ပါအတိုင်းပြီးစီးနိုင်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက် ရန်၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်မှာကြားပါတယ်။ ဒါ့အပြင်ဝန်ကြီးဌာနအနေဖြင့် လာမည့်နွေရာသီအမီ ဖြစ်နိုင်‌ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အား ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိ၍ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးပြီးစီးရန် သတ်မှတ် ထားသည့် ၂၀၂၆ ခုနှစ် တတိယ ၃ လပတ်ထက်စောပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ချက်ချင်းတင်ပြဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသော နိုင်ငံခြားသားများ၊ ဝန်ထမ်းများနှင့် စက်ရုံလုံခြုံရေးကို တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားပါတယ်။ လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့် တွဲဖက်၍ ဓာတ်အားထုတ်လုပ် မောင်းနှင်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်မောင်းနှင် ရန်လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန် ယခုအချိန်ကပင် ကျွမ်းကျင်မှုရှိစေရေးအတွက် နည်းပညာဆိုင်ရာ အတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန်လည်း မှာကြားခဲ့ပါတယ်။ (NVS 004)

29 Jul

ADVERTISE HERE .